Exodus 38
38:1 တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။
38:2 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့်မွမ်းမံလေ၏။
38:3 အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။
38:4 ကြေးဝါဆန်ခါကိုလုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊
38:5 ထမ်းပိုးထားရာ ဆန်ခါလေးထောင့်၌တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။
38:6 အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
38:7 ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။
38:8 ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သောမိန်းမတို့၏ ကြေးဝါမှန်များကိုယူ၍ ကြေးဝါအင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။
38:9 တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။
38:10 ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။
38:11 ထိုနည်းတူ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
38:12 အနောက်ဘက်၌ကာရန် အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ခြေစွပ်တစ်ဆယ်ရှိ၏။
38:13 အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။
38:14 တံခါးဝတစ်ဖက်တစ်ချက်၌ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။
38:16 ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။
38:17 တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်းရှိသမျှတို့သည် ငွေတန်းဖြစ်၏။
38:18 ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသောကုလားကာနှင့် တညီတည်းဖြစ်၏။
38:19 ဝင်းတံခါးဝတိုင် လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသောထိပ်များနှင့် ပြည့်စုံကြ၏။
38:20 တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သောတံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။
38:21 ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာတဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။
38:22 မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သားဖြစ်သော၊ ဥရိ၏သားဗေဇလေလသည် လုပ်လေ၏။
38:23 ထိုမှတစ်ပါး၊ ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကိုလုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သားအဟောလျဘလည်းရှိ၏။
38:24 သန့်ရှင်းရာဌာနတော်ပြီးအောင်လှူ၍ လုပ်သောရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။
38:25 စာရင်းဝင်သောပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တစ်ထောင်နှင့် တစ်ဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။
38:26 အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တစ်ဝက်စီပေးရကြ၏။
38:27 ခြေစွပ်တစ်ခု၌ ငွေအခွက်တစ်ဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တစ်ထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တစ်ရာကို သွန်းလေ၏။
38:28 ကျန်သောငွေ အခွက်တစ်ဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကိုလုပ်၍ တိုင်ထိပ်များကိုမွမ်းမံလေ၏။
38:29 လှူသောကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း။
38:30 ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ်၊ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊
38:31 ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌စိုက်သော တံသင်ရှိသမျှကိုလည်းကောင်း လုပ်လေ၏။