Proverbs 16
16:1 စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။
16:2 လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘောတို့ကို ချိန်တော်မူ၏။
16:3 ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။
16:4 ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဖို့ ဖန်ဆင်းတော်မူ၏။
16:5 မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည်အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
16:6 ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
16:7 လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့် သင့်တင့်စေတော်မူ၏။
16:8 ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။
16:9 လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
16:10 ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။
16:11 မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ ပါသမျှသောအလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
16:12 ရှင်ဘုရင်ပြုသောဒုစရိုက်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
16:13 ဖြောင့်မတ်သောနှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။
16:14 ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက်တော်ကို ဖြေတတ်၏။
16:15 ရှင်ဘုရင်မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာသောမိုးတိမ်ကဲ့သို့ ဖြစ်၏။
16:16 ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
16:17 ဖြောင့်မတ်သောသူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကို ရှောင်ခြင်းတည်း။ ထိုလမ်းမှမလွှဲဘဲ အမြဲလိုက်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
16:18 မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။
16:19 စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည်၊ မာနကြီးသောသူတို့နှင့် ဆက်ဆံ၍ လုယူသောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
16:20 ပညာနှင့် အမှုစောင့်သောသူသည် အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
16:21 လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကို တိုးပွားစေတတ်၏။
16:22 ဉာဏ်ပညာကိုရသောသူသည် အသက်စမ်းရေတွင်းကို ရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
16:23 ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။
16:24 သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။
16:25 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။
16:26 အလုပ်လုပ်သောသူသည်၊ မိမိပါးစပ်တောင်းသောကြောင့်၊ မိမိအဖို့ လုပ်တတ်၏။
16:27 အဓမ္မလူသည် မကောင်းသောအမှုကို ကြိုးစား၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
16:28 သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။
16:29 ကြမ်းကြုတ်သောသူသည် အိမ်နီးချင်းကိုချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်တတ်၏။
16:30 ကောက်သောအကြံကို ကြံစည်ခြင်းငှာမျက်စိမှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
16:31 ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။
16:32 စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသော သူထက်လည်းကောင်း သာ၍ကောင်း၏။
16:33 စာရေးတံတို့ကို အိတ်ထဲ၌လောင်းလျက်ရှိရာတွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။