Proverbs 17
17:1 တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့် စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော မုန့်တစ်လုပ်စာသည် သာ၍ကောင်း၏။
17:2 ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
17:3 ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
17:4 မတရားသဖြင့် ပြုသောသူသည် မုသားစကားကို ယုံတတ်၏။ မုသားသုံးသောသူသည်လည်း ဆိုးညစ်သောစကားကို နားထောင်တတ်၏။
17:5 ဆင်းရဲသားတို့ကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ သူတစ်ပါး၌ဘေးရောက်လျှင် ဝမ်းမြောက်တတ်သောသူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
17:6 မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ်၏။ သားတို့၏ဘုန်းကား အဘတည်း။
17:7 မြတ်သောစကားသည် မိုက်သောသူနှင့် မတော်မသင့်။ ထိုမျှမက၊ မုသားစကားသည် မင်းနှင့် မတော်မသင့်။
17:8 လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
17:9 သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
17:10 မိုက်သောသူသည် ဒဏ်ချက်တစ်ရာကို အမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍ အမှုထားတတ်၏။
17:11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့် ကြမ်းကြုတ်သောတမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
17:12 မိုက်သောစိတ် ထဆဲရှိသောလူမိုက်နှင့် မတွေ့ပါစေနှင့်။ သားငယ်ပျောက်သောဝံမနှင့် သာ၍တွေ့ပါစေသော။
17:13 အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသောအမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသောအမှုနှင့် မကင်းမလွတ်ရ။
17:14 ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့။
17:15 မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သောသူ နှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
17:16 မိုက်သောသူသည် ပညာကို အလိုမရှိသည်ဖြစ်၍၊ ပညာအဖိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
17:17 အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။
17:18 ဉာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေခင်ပွန်းရှေ့မှာ အာမခံတတ်၏။
17:19 ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန်ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့်သောသူသည် ပျက်စီးခြင်းကိုရှာတတ်၏။
17:20 သဘောကောက်သောသူသည် ကောင်းသောအကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏။
17:21 မိုက်သောသူကို ဖြစ်ပွားစေသောသူသည် မိမိကိုယ်မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်း မရှိ။
17:22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။
17:23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဖိုးတံစိုးကို သူတစ်ပါး၏ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်၏။
17:24 ဉာဏ်ရှိသောသူသည် ပညာကိုမျက်မှောက်ပြုတတ်၏။ မိုက်သောသူ၏မျက်စိမူကား၊ မြေကြီးစွန်းတိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
17:25 မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်းဖြစ်၏။
17:26 ဖြောင့်မတ်သောသူကို အပြစ်ဒဏ်မပေးကောင်း။ တရားသဖြင့် စီရင်သောမင်းကိုလည်း မထိခိုက်ကောင်း။
17:27 သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း၊ ဧသောစိတ်ရှိတတ်၏။
17:28 မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။