Proverbs 18
18:1 သူတစ်ပါးများနှင့် မရောနှောသောသူသည် မိမိစေတနာအလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာအမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
18:2 မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာအခွင့်မှတစ်ပါး၊ အခြားသောအကြောင်းကြောင့် ဉာဏ်ပညာ၌ မပျော်မွေ့တတ်။
18:3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်းကိုလည်း ခံရ၏။
18:4 နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့လည်းကောင်း၊ ပညာစမ်းရေတွင်းသည် ရေစီးသော မြစ်ကဲ့သို့လည်းကောင်းဖြစ်၏။
18:5 တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှာ၊ မတရားသောသူ၏မျက်နှာကို မထောက်ကောင်း။
18:6 မိုက်သောသူ၏ နှုတ်ခမ်းတို့သည် ရန်တွေ့တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်းတတ်၏။
18:7 မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာအကြောင်းဖြစ်၏။
18:8 ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။
18:9 အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသောသူနှင့် ညီအစ်ကိုတော်ပေ၏။
18:10 ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
18:11 ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့သောမြို့ ဖြစ်၏။ မြင့်သောမြို့ရိုးနှင့် တူသည်ဟု ထင်တတ်၏။
18:12 ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
18:13 အကျိုးအကြောင်းကို မစစ်မီ၊ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
18:14 လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူ သည်းခံနိုင်သနည်း။
18:15 သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာအတတ်ကို သိုထားတတ်၏။ ပညာရှိသောသူ၏နားသည်လည်း၊ ပညာစကားကိုရှာတတ်၏။
18:16 လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်းလင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့် ရှိတတ်၏။
18:17 ကိုယ်အမှုကို အဦးစောင့်၍ ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
18:18 စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသောသူတို့အမှုကို ဆုံးဖြတ်တတ်၏။
18:19 အငြိုးထားသော ညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
18:20 လူသည် မိမိနှုတ်၏အသီးနှင့် ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏စီးပွားနှင့် ဝရ၏။
18:21 လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
18:22 မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
18:23 ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရတတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
18:24 အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏။