Proverbs 23
23:1 မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
23:2 သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ဓားနှင့်ရွယ်လော့။
23:3 ထိုမင်း၏ ခဲဖွယ်စားဖွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာ ဖြစ်၏။
23:4 ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။
23:5 ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏။
23:6 မနာလိုသောသူ၏ အစာကို မစားနှင့်။ သူ၏ခဲဖွယ်စားဖွယ်ကို အလိုမရှိနှင့်။
23:7 သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စားသောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
23:8 သင်သည် စားသောအစာကို တစ်ဖန်အန်ရလိမ့်မည်။ သင်ချိုသောစကားလည်း ယိုယွင်းလိမ့်မည်။
23:9 မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ပါသောပညာကို မထီမဲ့မြင် ပြုလိမ့်မည်။
23:10 အရင်စိုက်သော မြေမှတ်တိုင်ကို မရွှေ့နှင့်။ မိဘမရှိသောသူတို့၏ လယ်ကိုမသိမ်းနှင့်။
23:11 အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသောသူသည် တန်ခိုးကြီး၍၊ သင့်တစ်ဖက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
23:12 ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာအတတ်စကားကို နာခံလော့။
23:13 သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။
23:14 ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နုတ်ရမည်။
23:15 ငါ့သား၊ သင့်နှလုံး၌ ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။
23:16 သင့်နှုတ်သည် မှန်သောစကားကိုပြောသောအခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
23:17 အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ် မရှိစေနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့သောသဘော ရှိစေလော့။
23:18 အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်း မပျက်ရာ။
23:19 ငါ့သား၊ ငါ့စကားကိုနားထောင်၍ ပညာရှိသဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
23:20 စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသား စားကြူးသောသူတို့ကို အပေါင်းအဖော် မလုပ်နှင့်။
23:21 သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကို အဝတ်စုတ်နှင့် ခြုံတတ်၏။
23:22 သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။
23:23 သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမဩဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်း ထိုအတူပြုလော့။
23:24 ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
23:25 သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။
23:26 ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့်မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
23:27 ပြည့်တန်ဆာမသည် နက်သောကျုံးကဲ့သို့လည်းကောင်း၊ အမျိုးပျက်သောမိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့လည်းကောင်း ဖြစ်၏။
23:28 သူသည် ဓားပြကဲ့သို့ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှာ ပြုတတ်၏။
23:29 အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား၊
23:30 စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေသောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
23:31 ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
23:32 နောက်ဆုံး၌ မြွေကဲ့သို့ ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။
23:33 သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သောစကားကို မြွက်ဆိုလိမ့်မည်။
23:34 အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သောသူကဲ့သို့ ဖြစ်လိမ့်မည်။
23:35 သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန်မှ ငါနိုးရမည်နည်း။ တစ်ဖန် ငါရှာဦးမည်ဟု သင်ဆိုလိမ့်သတည်း။