Proverbs 24
24:1 မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဖော်ခြင်းငှာ အလိုမရှိနှင့်။
24:2 သူတို့သည် ဖျက်ဆီးခြင်းငှာ နှလုံးကြံစည်တတ်၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
24:3 ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
24:4 ပညာအတတ်အားဖြင့် အခန်းများတို့သည် အဖိုးထိုက်၍၊ နှစ်သက်ဖွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။
24:5 ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွားတတ်၏။
24:6 ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သောသူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
24:7 ပညာမြင့်သောကြောင့် မိုက်သောသူမမီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။
24:8 မကောင်းသောအမှုကိုပြုခြင်းငှာ ကြံစည်သောသူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။
24:9 မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့မြင်ပြုသောသူသည်လည်း၊ လူစက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။
24:10 သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင်အားနည်း၏။
24:11 သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နုတ်အံ့သောငှာ၊ အားမထုတ်ဘဲနေလျက်၊
24:12 ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ်မပေးဘဲ နေတော်မူမည်လော။
24:13 ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စားလော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
24:14 ထိုအတူ၊ သင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့် ပြည့်စုံ၍၊ သင်သည် မျှော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
24:15 အို မတရားသောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို ချောင်း၍မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
24:16 ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
24:17 သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
24:18 ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။
24:19 မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မလူတို့ကို မငြူစူနှင့်။
24:20 အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏မီးခွက်သည် သေလိမ့်မည်။
24:21 ငါ့သား၊ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖော်နှင့်။
24:22 သူတို့ဘေးသည် ချက်ချင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏အဆုံးကို အဘယ်သူသိသနည်း။
24:23 ထိုမှတစ်ပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူကား၊ တရားတွေ့မှုစီရင်ရာတွင် လူမျက်နှာကို မထောက်ကောင်း။
24:24 သင်သည်ဖြောင့်မတ်၏ဟု မတရားသောသူအားဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
24:25 ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းချီးမင်္ဂလာကို ခံလျက်ရှိကြလိမ့်မည်။
24:26 မှန်သောစကားကို ပြန်ပြောတတ်သောသူ၏နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
24:27 ပြင်အရပ်မှာ သင်၏အလုပ်ကို ပြင်လော့။ လယ်တော၌ ကိုယ်အဖို့ ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။
24:28 သင်၏အိမ်နီးချင်းတစ်ဖက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတစ်ပါးကို မလှည့်စားနှင့်။
24:29 သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေးမည်ဟု မဆိုနှင့်။
24:30 ပျင်းရိသောသူ၏လယ်ယာအနားနှင့်၊ ဉာဏ်မရှိသောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါလျှောက်သွားစဉ်၊
24:31 ဆူးပင်များပြား၍၊ မြေတစ်ပြင်လုံး၌ ဆူးလေပင်အနှံ့အပြားလွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
24:32 ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင်ခြင်းကို ခံရ၏။
24:33 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်းငှာ၊ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊
24:34 ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။