Proverbs 25
25:1 ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊
25:2 အမှုအရေးကိုဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့် သင့်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။
25:3 မိုးကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။
25:4 ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်းထိမ်သမားနှင့် တော်သင့်သောဖလားကို ရလိမ့်မည်။
25:5 မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည်လိမ့်မည်။
25:6 ရှင်ဘုရင်ထံတော်၌ ကိုယ်ကို မချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။
25:7 အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ့်ချခြင်းကိုခံရသည်ထက်၊ ဤအရပ်သို့တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။
25:8 အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကိုအရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။
25:9 သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။
25:10 သို့မဟုတ်၊ သူသည် သင့်ကိုအရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။
25:11 လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။
25:12 နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သောသူသည် ရွှေနားတောင်းကဲ့သို့လည်းကောင်း၊ ရွှေစင်တန်ဆာကဲ့သို့လည်းကောင်းဖြစ်၏။
25:13 စပါးရိတ်ရာကာလ၌ မိုးပွင့်ကြောင့်ချမ်းသကဲ့သို့၊ သစ္စာစောင့်သောတမန်သည် စေလွှတ်သောသူ၌ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။
25:14 ပေးမည်ဟု ဝါကြွား၍မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ဖြစ်၏။
25:15 ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
25:16 ပျားရည်ကို တွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။
25:17 သင်၏ အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာမနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။
25:18 အိမ်နီးချင်းတစ်ဖက်၌ မမှန်သောသက်သေကို ခံသောသူသည် တုတ်၊ ဓား၊ သံချွန်နှင့်တူ၏။
25:19 အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။
25:20 စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူသည် ဆောင်းကာလ၌ အဝတ်ကိုချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့် တူ၏။
25:21 သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။
25:22 ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။
25:23 မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။
25:24 ရန်တွေ့တတ်သောမိန်းမနှင့် လူများသောအိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။
25:25 ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ ဖြစ်၏။
25:26 ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်းရေတွင်းနှင့် တူ၏။
25:27 ပျားရည်ကိုစားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကိုရှာလျှင် ဂုဏ်အသရေမရှိ။
25:28 ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။