Proverbs 27
27:1 နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
27:2 ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတစ်ပါးချီးမွမ်းပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့်မဆိုင်သော သူတစ်ပါး ချီးမွမ်းပါလေစေ။
27:3 ကျောက်နှင့် သဲသည်လေး၏။ မိုက်သောသူ၏ဒေါသသည် ထိုနှစ်ပါးထက်သာ၍လေး၏။
27:4 မာနသည် ကြမ်းကြုတ်သောသဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
27:5 ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက်သာ၍ကောင်း၏။
27:6 အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
27:7 စား၍ဝသောသူသည် ပျားလပို့ကိုပင်ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။
27:8 မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိအသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
27:9 နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဖွယ်သောလက္ခဏာသည် ရွှင်လန်းစေတတ်၏။
27:10 ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏အဆွေခင်ပွန်းကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကိုအိမ်သို့မသွားနှင့်။ နီးသောအိမ်နီးချင်းသည် ဝေးသောညီအစ်ကိုထက် သာ၍ကောင်း၏။
27:11 ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
27:12 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက် နေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
27:13 မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။
27:14 နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းချီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။
27:15 ရန်တွေ့တတ်သောမယားသည် မိုးသည်းစွာရွာသောနေ့၌ အစက်စက်ကျသော မိုးပေါက်နှင့် တူ၏။
27:16 ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့် တူ၏။ လက်ယာလက်၌လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။
27:17 သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။
27:18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သောသူသည် ဂုဏ်အသရေကိုရတတ်၏။
27:19 ရေ၌ လူမျက်နှာချင်းတူသကဲ့သို့၊ လူတစ်ယောက်နှင့် တစ်ယောက် စိတ်သဘောတူကြ၏။
27:20 မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့်စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
27:21 ငွေစစ်စရာဖို့ မိုက်ရှိ၏။ ရွှေစစ်စရာဖို့ မီးဖိုရှိ၏။ လူကိုစစ်စရာဖို့ သူတစ်ပါးချီးမွမ်းခြင်းရှိ၏။
27:22 မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
27:23 သင်၏ သိုးစုအကြောင်းတို့ကိုသိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
27:24 စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည်တတ်။
27:25 မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှားတတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။
27:26 သိုးသငယ်တို့သည် သင်ဝတ်စရာဖို့၊ ဆိတ်တို့လည်း မြေအဖိုးကိုဖြေစရာဖို့ ဖြစ်၏။
27:27 သင်စားစရာဖို့၊ အိမ်သူအိမ်သားစားစရာဖို့၊ ကျွန်မိန်းမများကို ကျွေးစရာဖို့ ဆိတ်နို့လောက်လိမ့်မည်။