Proverbs 28
28:1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။
28:2 ပြည်သူပြည်သား အပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအားဖြင့် နိုင်ငံတည်တတ်၏။
28:3 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောဆင်းရဲသားသည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ်ရှင်းသော မိုးရေနှင့်တူ၏။
28:4 တရားကိုဖျက်သောသူသည် မတရားသောသူတို့ကို ချီးမွမ်းတတ်၏။ တရားကိုစောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက် ပြုတတ်၏။
28:5 အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည်တတ်။ ထာဝရဘုရားကိုရှာသောသူမူကား၊ ခပ်သိမ်းသော စီရင်ခြင်းကို နားလည်တတ်၏။
28:6 မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ်သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲသားသည် သာ၍မြတ်၏။
28:7 တရားကိုစောင့်သောသူသည် ပညာရှိသောသားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဖော်သောသူမူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
28:8 အတိုးစား၍ မတရားသောအမြတ်အားဖြင့် ဥစ္စာကိုဆည်းပူးသောသူသည် ဆင်းရဲသားတို့ကို သနားသောသူအဖို့သာ ဆည်းပူးတတ်၏။
28:9 တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း၊ သူ၏ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
28:10 ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသောတွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူမူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
28:11 ငွေရတတ်သောသူက၊ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုထင်တတ်၏။ ဉာဏ်ကောင်းသောဆင်းရဲသားမူကား၊ ထိုသူကို စစ်ကြောတတ်၏။
28:12 ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သောအခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်းရှောင်၍ နေတတ်ကြ၏။
28:13 မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
28:14 အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့် တွေ့လိမ့်မည်။
28:15 ဆင်းရဲသားတို့ကိုအုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့် တူ၏။
28:16 ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ်၏။ လောဘကိုမုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့်မည်။
28:17 လူအသက်ကိုညှဉ်းဆဲသောသူသည် သင်္ချိုင်းတွင်းသို့ပြေးပါလေစေ။ အဘယ်သူမျှမဆီးတားစေနှင့်။
28:18 ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေးလွတ်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သောသူမူကား၊ ချက်ချင်းလဲလိမ့်မည်။
28:19 လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
28:20 သစ္စာစောင့်သောသူသည် ကောင်းချီးမင်္ဂလာနှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား၊ အပြစ်နှင့် မလွတ်ရ။
28:21 လူမျက်နှာကိုမထောက်ကောင်း။ သို့သော်လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှာ ဒုစရိုက်ကို ပြုလိမ့်မည်။
28:22 ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူသည် မနာလိုသောသဘောရှိတတ်၏။ နောက်တစ်ဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
28:23 ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တစ်ဖန် သာ၍ ကျေးဇူးကိုခံရလိမ့်မည်။
28:24 အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကိုလုယူသောသူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဖော်ဖြစ်၏။
28:25 စိတ်မြင့်သောသူသည် ခိုက်ရန်ကိုနှိုးဆော်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ်၏။
28:26 မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
28:27 ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ်တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသောကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
28:28 မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့သည် ပွားများတတ်ကြ၏။