Proverbs 30
30:1 ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကို ဆုံးမသောတရားစကားဟူမူကား၊
30:2 အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန်ဖြစ်၏။ လူဉာဏ်နှင့် မပြည့်စုံ။
30:3 ပညာတရားကို မသင်၊ သန့်ရှင်းသောအရာတို့ကို မလေ့ကျက်။
30:4 ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူ ဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏အမည်နှင့် သူ၏သားအမည်ကားအဘယ်သို့နည်း။ သင်ပြောနိုင်သလော။
30:5 ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာ ဖြစ်တော်မူ၏။
30:6 စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသားသုံးသောသူ ဖြစ်လိမ့်မည်။
30:7 ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်းပါ၏။ အကျွန်ုပ်မသေမီတိုင်အောင် ငြင်းတော်မမူပါနှင့်။
30:8 အကျွန်ုပ်မှ အနတ္တနှင့် မုသားကိုပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။
30:9 သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။
30:10 ကျွန်၏အကျိုးကို ဖျက်ခြင်းငှာ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
30:11 အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းချီးမပေးတတ်သော လူတစ်မျိုး၊
30:12 ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော်လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတစ်မျိုး၊
30:13 အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတစ်မျိုး၊
30:14 ဆင်းရဲသောသူတို့ကို မြေကြီးပေါ်ကလည်းကောင်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲကလည်းကောင်း၊ ကိုက်စားပယ်ရှင်းစရာဖို့ သန်လျက်နှင့်တူသော သွား၊ ဓားနှင့်တူသော အံနှင့် ပြည့်စုံသော လူတစ်မျိုးရှိ၏။
30:15 မျှော့ကောင်၌ ပေးပါနှင့် ပေးပါဟူသော သမီးနှစ်ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
30:16 သင်္ချိုင်းတစ်ပါး၊ မြုံသောမိန်းမ ဝမ်းတစ်ပါး၊ ရေမဝနိုင်သော မြေတစ်ပါး၊ တန်တော့ဟု မဆိုတတ်သော မီးတစ်ပါးတည်း။
30:17 အဘကို ကျီစားသောသူ၊ အမိစကားကို နားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏မျက်စိကို ချိုင့်၌ကျင်လည်သော ကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတ သူငယ်တို့သည်လည်း စားကြလိမ့်မည်။
30:18 ငါ့ဉာဏ်မမီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သောအရာလေးပါးဟူမူကား၊
30:19 လေ၌ ရွှေလင်းတသွားရာ လမ်းတစ်ပါး၊ ကျောက်ပေါ်မှာ မြွေသွားရာ လမ်းတစ်ပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာ လမ်းတစ်ပါး၊ အပျိုမနှင့် ယောက်ျားသွားရာလမ်းတစ်ပါးတည်း။
30:20 မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူဖြစ်၏။ အစာစားပြီးမှ မိမိပါးစပ်ကို သုတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟု ဆိုတတ်၏။
30:21 မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
30:22 မင်းပြုသော ကျွန်တစ်ပါး၊ ဝစွာစားရသော လူမိုက်တစ်ပါး၊
30:23 လက်ထပ်သော မိန်းမဆိုးတစ်ပါး၊ သခင်မဥစ္စာကို အမွေခံရသော ကျွန်မတစ်ပါးတည်း။
30:24 မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူးသဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
30:25 ခွန်အားမရှိသော အမျိုးဖြစ်သော်လည်း၊ နွေကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပုရွက်ဆိတ်တစ်ပါး၊
30:26 မသန်စွမ်းသောအမျိုးဖြစ်သော်လည်း၊ ကျောက်တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တစ်ပါး၊
30:27 မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွားတတ်သော ကျိုင်းတစ်ပါး၊
30:28 လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင်နေတတ်သော အိမ်မြှောင်တစ်ပါးတည်း။
30:29 ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
30:30 တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တစ်ပါး၊
30:31 စစ်မြင်းတစ်ပါး၊ ဆိတ်ထီးတစ်ပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင်တစ်ပါးတည်း။
30:32 သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှုကို ပြုမိသော်လည်းကောင်း၊ မကောင်းသောအကြံကို ကြံမိသော်လည်းကောင်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
30:33 အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်ထွက်တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။