Proverbs 29
29:1 အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
29:2 ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
29:3 ပညာတရားကို နှစ်သက်သောသူသည် မိမိအဘကို ဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်သောသူမူကား၊ ဥစ္စာ ပြုန်းတီးတတ်၏။
29:4 တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်းပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင်မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
29:5 အိမ်နီးချင်းကို ချော့မော့သောသူသည် အိမ်နီးချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
29:6 အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်းဆိုတတ်၏။
29:7 ဖြောင့်မတ်သောသူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
29:8 မထီမဲ့မြင်ပြုသောသူတို့သည် မြို့ကိုမီးရှို့တတ်၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ်၏။
29:9 ပညာရှိသောသူသည် မိုက်သောသူနှင့် အမှုတွေ့လျှင်၊ စိတ်ဆိုးသည် ဖြစ်စေ၊ ပြုံးရယ်သည် ဖြစ်စေ၊ အားရစရာအကြောင်း မရှိ။
29:10 လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ သူတစ်ပါးအသက်ကို စောင့်မတတ်ကြ၏။
29:11 မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား၊ အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။
29:12 မင်းသည် မုသားစကားကို နားထောင်လျှင်၊ ကျွန်အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
29:13 ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကိုပေးသနားတော်မူ၏။
29:14 ဆင်းရဲသားတို့ကို တရားသဖြင့်စီရင်သော ရှင်ဘုရင်၏အာဏာတော်သည် အစဉ်အမြဲ တည်တတ်၏။
29:15 ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့် ဆုံးမခြင်းအားဖြင့် ပညာတိုးပွားတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
29:16 မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ် တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
29:17 သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာအခွင့်ကို ပေးမည်။
29:18 ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏။
29:19 စကားအားဖြင့်သာ ကျွန်ကိုဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲနေလိမ့်မည်။
29:20 သတိမရှိဘဲ စကားများသောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။
29:21 ကျွန်သည်ငယ်သောအရွယ်မှစ၍ ပျော်ပါးအောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သားအရာကို ရလိမ့်မည်။
29:22 စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော်တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူးများတတ်၏။
29:23 မိမိမာနသည် မိမိကို နှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
29:24 သူခိုးကို လက်ခံသောသူသည် မိမိအသက်ကို မုန်းတတ်၏။ ကျိန်ဆိုခြင်းကို ပြုသော်လည်း၊ အမှုကို မဖော်မပြတတ်။
29:25 လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။
29:26 မင်းပြုသောကျေးဇူးကို များသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့၏အမှုကို ထာဝရဘုရား စီရင်တော်မူ၏။
29:27 တရားသောသူသည် မတရားသောသူကိုလည်းကောင်း၊ မတရားသောသူသည် တရားသဖြင့် ကျင့်သောသူကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာတတ်၏။