Ecclesiastes 1
1:1 ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊
1:2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
1:3 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။
1:4 လူတစ်ဆက် လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
1:5 နေလည်း ထွက်လျက်ဝင်လျက်၊ ထွက်ရာအရပ်သို့ တစ်ဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တစ်ဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။
1:6 လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီးသောအရပ်သို့ တစ်ဖန် ပြန်၍လည်ပြန်တတ်၏။
1:7 ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။
1:8 ခပ်သိမ်းသောအရာတို့သည် လူမပြောနိုင်အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည်မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
1:9 ဖြစ်ဖူးသောအရာသည် ဖြစ်လတ္တံ့သောအရာနှင့် တူ၏။ ယခုပြုသောအမှုသည် ပြုလတ္တံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သောအမှုအရာမရှိ။
1:10 ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာတစ်စုံတစ်ခု ရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဖူးပြီ။
1:11 ရှေးဖြစ်ဖူးသောအမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်ဖြစ်လတ္တံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတ္တံ့သောသူတို့သည် မေ့လျော့ကြလိမ့်မည်။
1:12 ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင် ဖြစ်စဉ်တွင်၊
1:13 မိုးကောင်းကင်အောက်၌ ပြုသမျှတို့ကို ဉာဏ်ပညာအားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှာ နှလုံးထား၏။ လူသားတို့ ကျင်လည်ရာဖို့ ထိုပင်ပန်းစေသောအမှုကို ဘုရားသခင်ပေးတော်မူပြီ။
1:14 နေအောက်မှာ ပြုလေသမျှသော အမှုအရာတို့ကိုငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏။
1:15 ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့သောအရာကို မရေတွက်ရာ။
1:16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။
1:17 ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကိုလည်းကောင်း ပိုင်းခြား၍ သိအံ့သောငှာ ငါသည်နှလုံးထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏။
1:18 အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။