Ecclesiastes 2
2:1 တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။
2:2 ရယ်မောခြင်းကို သင်သည်အရူးဖြစ်၏ ဟူ၍လည်းကောင်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍လည်းကောင်း ငါဆိုရ၏။
2:3 တစ်ဖန် လူသားတို့သည် မိုးကောင်းကင်အောက်၌၊ တစ်သက်လုံး ပြုသင့်သောအမှုကောင်းကို သိအံ့သောငှာ၊ ပညာတရားကိုလေ့ကျက်လျက်နှင့်၊ စပျစ်ရည်အလိုသို့လိုက်၍၊ မိုက်သောအကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏။
2:4 ကြီးကျယ်သောအလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။
2:5 ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကိုသီးသောအပင်တို့ကိုလည်း စိုက်၏။
2:6 သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်းစရာဖို့ ရေကန်တို့ကိုလည်း လုပ်၏။
2:7 ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သိမ်းယူ၍၊ ကျွန်သားပေါက်များလည်း ရှိကြ၏။ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန်အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
2:8 ရွှေငွေကိုလည်းကောင်း၊ ရှင်ဘုရင်နှင့်ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ခွဲသော အခွန်ကိုလည်းကောင်း ငါဆည်းပူး၏။ အငြိမ့်သမား ယောက်ျားမိန်းမတို့ကိုလည်းကောင်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်ရာ မိန်းမမောင်းမမိဿံတို့ကိုလည်းကောင်း ငါသိမ်းယူ၏။
2:9 ထိုသို့ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက်၊ ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါ့ပညာလည်း တည်လျက်ရှိ၏။
2:10 ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်းအကျိုးကို ခံရ၏။
2:11 ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာကောင်းသောအကျိုး တစ်စုံတစ်ခုမျှ မရှိ။
2:12 တစ်ဖန်ငါလှည့်၍ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကိုလည်းကောင်း ဆင်ခြင်၏။ ရှင်ဘုရင်နောက်မှာဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဖူးသည်အတိုင်းသာ ပြုနိုင်၏။
2:13 သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။
2:14 ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏။
2:15 သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်း ဟူ၍လည်းကောင်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူလည်းကောင်း ငါအောက်မေ့၏။
2:16 ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သောသူသေသကဲ့သို့ သေတတ်ပါသည်တကား။
2:17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။
2:18 ထိုမှတစ်ပါး၊ ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသောအကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတ္တံ့သောသူအဖို့ ငါချန်ထားရမည်။
2:19 ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသောအမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
2:20 ထိုကြောင့် နေအောက်မှာ ငါကြိုးစားအားထုတ်သမျှတို့၌ မျှော်လင့်စရာမရှိ။ စိတ်ပျက်အောင် တစ်ဖန်ငါကြံစည်၏။
2:21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူ ဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူဝင်စရာဖို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
2:22 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံးစုံတို့၌ အဘယ်အကျိုး ရှိသနည်း။
2:23 သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
2:24 စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
2:25 ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူ ခံစားရသနည်း။
2:26 ရှေ့တော်၌ ကောင်းသောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာအလုပ်လုပ်ရသောအခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းပူးသိုထားရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။