Ecclesiastes 4
4:1 တစ်ဖန်တုံ၊ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူ မရှိ။
4:2 သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသောလူရှင်ထက် သာ၍မင်္ဂလာရှိသည်ဟု ငါဆိုရ၏။
4:3 သို့ရာတွင် တစ်ခါမျှ မဖြစ်သေးသောသူ၊ နေအောက်မှာ ပြုသောဒုစရိုက်ကို မမြင်သေးသောသူသည် ထိုနှစ်ဦးထက် သာ၍မင်္ဂလာရှိ၏။
4:4 တစ်ဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်းမွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကိုလည်းကောင်း၊ ထိုသို့သောအမှုတို့ကြောင့် သူတစ်ပါးငြူစူကြောင်းကိုလည်းကောင်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏။
4:5 မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိအသားကို စားတတ်၏။
4:6 ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဖက်၌ပြည့်သော ဥစ္စာထက်သာ၍ကောင်း၏။
4:7 တစ်ဖန် ငါထပ်၍၊ နေအောက်မှာ အနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
4:8 လူသည် အဖော်အဖက်၊ သားသမီး၊ ညီအစ်ကိုမရှိ၊ တစ်ယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ်၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည်ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဖို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
4:9 လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏။
4:10 တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူ လဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူ မရှိ။
4:11 လူသည်နှစ်ယောက်အတူအိပ်လျှင် နွေးတတ်၏။ တစ်ယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင်သနည်း။
4:12 လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူ မပြတ်တတ်။
4:13 ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သောရှင်ဘုရင်ထက်၊ ပညာရှိသော ဆင်းရဲသားသူငယ်သည် သာ၍မြတ်၏။
4:14 ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင်မူကား၊ အဘအရိုက်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
4:15 နေအောက်မှာ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် မင်းအရိုက်အရာကိုခံရသော ထိုဒုတိယသူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
4:16 ထိုမင်းအုပ်စိုးသောသူအပေါင်းတို့ကို ရေတွက်၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲ နေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။