Ecclesiastes 5
5:1 ဘုရားသခင့်အိမ်တော်သို့သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော်ခြင်းအမှုထက်၊ တရားနာခြင်းအမှုကို သာ၍ကြိုးစားလော့။ လူမိုက်တို့သည် ကိုယ်အပြစ်ကို မဆင်ခြင်တတ်ကြ။
5:2 သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရားသခင့်ရှေ့တော်၌ စကားပြောခြင်းငှာ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကား မများစေနှင့်။
5:3 အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့သို့၊ စကားများသောအားဖြင့် မိုက်သောသူ၏အသံကို ကြားရ၏။
5:4 ဘုရားသခင့်ထံတော်၌ သစ္စာကတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရနှစ်သက်တော်မမူ။ သစ္စာကတိပြုသည်အတိုင်း ဝတ်ကိုဖြေလော့။
5:5 သစ္စာကတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာကတိအလျှင်းမပြုဘဲနေသော် သာ၍ကောင်း၏။
5:6 သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ်မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသောအကြောင်း မရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကိုအမျက်တော်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။
5:7 အိပ်မက်များရာ၌လည်းကောင်း၊ စကားများရာ၌လည်းကောင်း၊ အချည်းနှီးသောအကြောင်းအရာပါတတ်၏။ သင်မူကား ဘုရားသခင်ကိုကြောက်ရွံ့လော့။
5:8 ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင်ဆုံးဖြတ်ခြင်း အမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူ တစ်ယောက်ကိုတစ်ယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက် ရှိတော်မူ၏။
5:9 မြေကြီးကဖြစ်သော စီးပွားသည် အလုံးစုံတို့အဖို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ကျေးဇူးကို ခံရ၏။
5:10 ငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
5:11 ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည်လည်း တိုးပွားများပြားကြ၏။ ဥစ္စာရှင်သည် မျက်စိနှင့် ကြည့်ရှုခြင်းကျေးဇူးမှတစ်ပါး အဘယ်ကျေးဇူးရှိသနည်း။
5:12 အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည် ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။
5:13 စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင်အောင်၊ စည်းစိမ်ကို သိုထားခြင်းတည်းဟူသော၊ နေအောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
5:14 ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည်လည်း လက်ချည်းနေရ၏။
5:15 သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
5:16 သူသည် လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွားရသောမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏။ လေကိုရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။
5:17 သူ၏နေ့ရက်ကာလကို မှောင်မိုက်၌ လွန်စေတတ်၏။ များစွာသော နှောင့်ယှက်ခြင်း၊ ညှိုးငယ်ခြင်း၊ အမျက်ထွက်ခြင်းကို ခံရ၏။
5:18 ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်းအမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသောအကျိုး၌ ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဖို့ဖြစ်၏။
5:19 ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ်ဥစ္စာကို ရသောလူတိုင်း မိမိအဖို့ကိုခံ၍ ဝင်စားခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင့် ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
5:20 လွန်သောနေ့ရက်ကာလကို များစွာမအောက်မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။