Ecclesiastes 7
7:1 ကောင်းသောအသရေသည် နံ့သာဆီထက် သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။
7:2 မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံးသွင်းမိကြလိမ့်မည်။
7:3 ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည် သာ၍ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သောအားဖြင့် နှလုံးသာ၍ ကောင်းတတ်၏။
7:4 ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ရှိ၏။
7:5 လူမိုက်သီချင်းဆိုသော စကားကို နားထောင်သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ကောင်း၏။
7:6 အကြောင်းမူကား၊ မိုက်သောသူ၏ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
7:7 အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
7:8 အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက် သာ၍ကောင်း၏။
7:9 အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။
7:10 ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။
7:11 ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။
7:12 အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
7:13 ဘုရားသခင်၏အမှုတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူသောအရာကို အဘယ်သို့ ဖြောင့်စေနိုင်သနည်း။
7:14 ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။
7:15 ငါသည် အချည်းနှီးနေသောကာလ၌ ခပ်သိမ်းသောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကိုလည်းကောင်း ငါမြင်၏။
7:16 လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင်သနည်း။
7:17 လွန်ကျူးစွာ မဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန်မရောက်မီ အဘယ်ကြောင့် သေချင်သနည်း။
7:18 ဤစကားကို စွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသောအမှုထဲက ထွက်မြောက်လိမ့်မည်။
7:19 မြို့ထဲမှာနေသော သူရဲတစ်ကျိပ်ထက် ပညာရှိသောသူတစ်ယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုးကြီး၏။
7:20 အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာ မရှိ။
7:21 သူတစ်ပါးပြောသမျှသော စကားတို့ကိုမမှတ်နှင့်။ သို့ပြုလျှင်၊ ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
7:22 သင်သည်ကိုယ်တိုင် သူတစ်ပါးတို့ကို အဖန်ဖန်ကျိန်ဆဲကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာ သိ၏။
7:23 ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရားအားဖြင့် စုံစမ်းပြီ။ ပညာနှင့် ငါပြည့်စုံမည်ဟု ဆိုသော်လည်း၊ ပညာသည် ငါနှင့်ဝေး၏။
7:24 ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
7:25 ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေစစ်ဆေး၍ သိနားလည်ခြင်းငှာလည်းကောင်း၊ မိုက်စွာကျင့်ခြင်း၏အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ ငါနှင့် ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
7:26 ကျော့ကွင်းနှင့် ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သောမိန်းမသည်၊ သေခြင်းထက် သာ၍ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင်စိတ်တွေ့တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့်မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဖမ်းမိလိမ့်မည်။
7:27 ဓမ္မဒေသနာဆရာဆိုသည်ကား၊ ငါရှာ၍ မတွေ့သေးသောအရာကို တွေ့အံ့သောငှာ၊ တစ်ခုနောက်တစ်ခု စစ်ဆေးချင့်တွက်သောအခါ၊
7:28 ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ပြီ။ မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့။
7:29 ငါတွေ့သောအရာတစ်ခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း၊ လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။