Ecclesiastes 8
8:1 အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည်သနည်း။ ပညာသည် ပညာရှိသောသူ၏မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏မျက်နှာသည် အထူးသဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
8:2 ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကိုထောက်၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
8:3 သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။
8:4 ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူ ဆိုရာသနည်း။
8:5 အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကိုလည်းကောင်း၊ စီရင်ရသောအခွင့်ကိုလည်းကောင်း သိမြင်တတ်၏။
8:6 လူကြံစည်သမျှအဖို့၊ ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို ခံရ၏။
8:7 နောက်ဖြစ်လတ္တံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတ္တံ့သည်ကို တစ်စုံတစ်ယောက်မျှ မပြောနိုင်ရာ။
8:8 နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။
8:9 ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေအောက်မှာ ပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်လည်းရှိ၏။
8:10 ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
8:11 အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာ သဘောထားကြ၏။
8:12 အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။
8:13 အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း မရှည်ရ။
8:14 မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှုတစ်ပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကိုခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကို ခံရကြ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟု ငါ့သဘောရှိ၏။
8:15 ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသောအသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
8:16 လူအချို့တို့သည် တစ်နေ့နှင့် တစ်ညလုံးမအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှာလည်းကောင်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။
8:17 ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။