Song of Songs 6
6:1 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ ကြွတော်မူသနည်း။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည်အကြောင်း၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ။
6:2 ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
6:3 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။
6:4 ငါချစ်သောနှမ၊ သင်သည် တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်၏။
6:5 သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကိုအောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
6:6 သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှတက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှ မလျော့၊ အမွှာသာ ဖွားတတ်ကြ၏။
6:7 နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက်နှင့် တူကြ၏။
6:8 မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
6:9 ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တစ်ပါးတည်းရှိ၏။ ဖွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုးသမီးတို့သည် သူ့ကိုမြင်၍ ကောင်းချီးပေးကြ၏။ မိဖုရားများနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
6:10 လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်းလျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသောသတို့သမီးကား၊ အဘယ်သူနည်း။
6:11 ချိုင့်ထဲမှာ သစ်သီးများကို ကြည့်ရှု၍၊ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း သိခြင်းငှာ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
6:12 သတိမရမီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
6:13 အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ်တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ။ ရှုလမိတ်၌ အဘယ်သို့သောအရာကို တွေ့မြင်ကြလိမ့်မည်နည်း။ စစ်တပ်နှစ်တပ်ကဲ့သို့ တွေ့မြင်ကြပါမည်။