Song of Songs 7
7:1 အိုမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေတို့သည် အလွန်တင့်တယ်ပါ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သော ကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ၏။
7:2 သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံးဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံဖြစ်ပါ၏။
7:3 သင်၏ရင်သားနှစ်ဖက်တို့သည် ဒရယ်သငယ်အမွှာနှင့် တူကြပါ၏။
7:4 လည်ပင်းသည် ဆင်စွယ်ရဲတိုက်ကဲ့သို့လည်းကောင်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသော ရေကန်ကဲ့သို့လည်းကောင်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
7:5 သင်၏ဦးခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက်ရှိတော်မူ၏။
7:6 ငါချစ်သောနှမ၊ ငါပျော်မွေ့ဖို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
7:7 သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့် တူကြ၏။
7:8 စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက်တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တစ်ဖန် သင်၏ရင်သားတို့သည် စပျစ်သီးပြွတ်ကဲ့သို့လည်းကောင်း၊ သင်ရှူသောအသက်အနံ့သည် ရှောက်ချိုသီးအနံ့ကဲ့သို့လည်းကောင်း၊
7:9 သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့လည်းကောင်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဖို့ ဖြောင့်စွာစီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏နှုတ်ခမ်းသို့ အမှတ်တမဲ့ရောက်တတ်ပါ၏။
7:10 ငါချစ်ရာသခင်သည် ငါ့ကို ဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။
7:11 ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော်မူပါ။ တောအရပ်သို့ထွက်သွား၍ ရွာတို့၌ ညကို လွန်စေကြကုန်အံ့။
7:12 နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည် မသန်သည်ကိုလည်းကောင်း၊ အပွင့်များသည် မများသည်ကိုလည်းကောင်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကိုလည်းကောင်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။
7:13 အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့တံခါးနားမှာ ချိုသောအသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဖို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။