Isaiah 1
1:1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သားဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကိုခံရသည်မှာ၊
1:2 ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြပြီ။
1:3 နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်းသော်လည်း မိမိသခင်၏မြည်းဇောင်းကိုသိ၏။ ဣသရေလအမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
1:4 ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့်ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။
1:5 သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။
1:6 ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိရွဲသောအနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဖယောင်းဆီနှင့် မပျော့စေရသေး။
1:7 သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
1:8 ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။
1:9 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
1:10 သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။
1:11 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသောတိရစ္ဆာန်တို့၏ဆီဥနှင့် ငါဝပြီ။ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။
1:12 သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှာလာကြသောအခါ၊ ငါ့တံတိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။
1:13 အချည်းနှီးသောပူဇော်သကာကို နောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
1:14 ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
1:15 သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။
1:16 ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့။
1:17 ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။
1:18 ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
1:19 သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်။
1:20 သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ဓားလက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
1:21 သစ္စာရှိသောမြို့သည် အဘယ်သို့ မျောက်မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာကျကြ၏။
1:22 သင်၏ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏စပျစ်ရည်သည် ရေနှင့် ရောလျက်ရှိ၏။
1:23 သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသောသူတို့အဖို့ တရားမစီရင်ကြ။ မုဆိုးမအမှုကို နားမထောင်ကြ။
1:24 ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တစ်ဖက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဖို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
1:25 သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့် ရှင်းရှင်းကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
1:26 သင်၏တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာခန့်ထားသည်နည်းတူ၊ တစ်ဖန်ငါခန့်ထားဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
1:27 ဇိအုန်မြို့သည် တရားအားဖြင့်လည်းကောင်း၊ မြို့သူမြို့သားတို့သည် ဖြောင့်မတ်သောအားဖြင့်လည်းကောင်း၊ ရွေးနုတ်ခြင်းကို ခံရကြလိမ့်မည်။
1:28 လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့အတူရောက်၍၊ ထာဝရဘုရားကို စွန့်သောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။
1:29 သင်တို့သည် တပ်မက်ဖူးသော သပိတ်ပင်တို့ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဖူးသောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
1:30 အကြောင်းမူကား၊ အရွက်နွမ်းသောသပိတ်ပင်ကဲ့သို့လည်းကောင်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
1:31 ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ်လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။