Isaiah 2
2:1 ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2:2 နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
2:3 များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။
2:4 ထာဝရဘုရားသည် လူမျိုးတို့တွင်တရားစီရင်၍၊ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။
2:5 အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
2:6 အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာဖြစ်ကြ၏။ တစ်ပါးအမျိုးသားနှင့် အပေါင်းအဖော် ပြုကြ၏။
2:7 သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
2:8 သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့် ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည်တကား။
2:9 ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
2:10 ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
2:11 ထိုကာလ၌ လူတို့၏မော်သောမျက်နှာကို နှိမ့်ရမည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
2:12 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြလိမ့်မည်။
2:13 ကြီးမြင့်သော လေဗနုန်အာရဇ်ပင်ရှိသမျှကိုလည်းကောင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကိုလည်းကောင်း၊
2:14 မြင့်သောတောင်ရှိသမျှကိုလည်းကောင်း၊ မိုမောက်သော တောင်ပို့ရှိသမျှကိုလည်းကောင်း၊
2:15 မြင့်သောရဲတိုက်ရှိသမျှကိုလည်းကောင်း၊ ခိုင်ခံ့သောမြို့ရိုးရှိသမျှကိုလည်းကောင်း၊
2:16 တာရှုသင်္ဘော အပေါင်းတို့ကိုလည်းကောင်း၊ နှစ်သက်ဖွယ်သော ရူပါရုံအလုံးစုံတို့ကိုလည်းကောင်း ဆီးတားလိမ့်မည်။
2:17 ထိုကာလ၌ လူတို့၏မာနကိုရှုတ်ချ၍၊ လူတို့၏စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ ထာဝရဘုရား တစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
2:18 ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့်မည်။
2:19 ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
2:20 ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဖို့ မိမိတို့လုပ်ဖူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။
2:21 ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
2:22 နှာခေါင်းနှင့် အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း။