Isaiah 10
10:1 ငတ်မွတ်သောသူတို့ကို တရားရှုံးစေခြင်းငှာလည်းကောင်း၊
10:2 ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏အခွင့်အရာကို ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မုဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ဥစ္စာကို လုယူခြင်းငှာလည်းကောင်း၊ မတရားသဖြင့် စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။
10:3 ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတ္တံ့သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်းသာရအံ့သောငှာ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့စည်းစိမ်ဥစ္စာကို အဘယ်မှာသိုထားကြလိမ့်မည်နည်း။
10:4 ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကိုခံရသော သူတို့အောက်မှာ လဲရကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
10:5 အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏လှံတံဖြစ်၏။ သူကိုင်သောတောင်ဝှေးသည် ငါဒဏ်ပေးစရာဖို့ ဖြစ်၏။
10:6 အဓမ္မလူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာလူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ ကျော်နင်းစေခြင်းငှာ၊ သူ့ကိုငါမှာထားမည်။
10:7 သို့သော်လည်း၊ သူသည် အခြားသောအကြံ၊ အခြားသောအလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာသောလူမျိုးတို့ကို ပယ်ရှင်းခြင်းငှာ အလိုရှိ၏။
10:8 သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ၏မှူးမတ်တို့သည် မင်းကြီးဖြစ်ကြသည် မဟုတ်လော။
10:9 ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်းကောင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်းကောင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော။
10:10 ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍မြတ်သော ရုပ်တုဆင်းတုကို ကိုးကွယ်သောတိုင်းနိုင်ငံများကို ငါလုယူသကဲ့သို့လည်းကောင်း၊
10:11 ရှမာရိမြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုသကဲ့သို့လည်းကောင်း၊ ယေရုရှလင်မြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုမည်မဟုတ်လောဟု ဆိုတတ်၏။
10:12 သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကိုလက်စသတ်တော်မူပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍စီရင်မည်။
10:13 ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည့်စုံ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ။
10:14 ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကိုတွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာ ရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည်ဖြစ်၍၊
10:15 ကြိမ်လုံးသည် ကိုင်သောသူကို လှုပ်သကဲ့သို့လည်းကောင်း၊ တောင်ဝှေးသည် မိမိသခင်ကို ချီကြွသကဲ့သို့လည်းကောင်း၊ ပုဆိန်သည် ခုတ်သောသူကို စော်ကားရမည်လော။ လွှသည် တိုက်သောသူကို ရန်ပြု၍ထောင်လွှားရမည်လော။
10:16 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ထိုမင်း၏ဆူဝသောသူတို့၌ ပိန်ကျုံခြင်းကို သွင်းပေးတော်မူမည်။ သူ၏ဘုန်းအောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှာ ရှို့တော်မူမည်။
10:17 ဣသရေလအမျိုး၏အလင်းသည် မီးဖြစ်တော်မူမည်။ သန့်ရှင်းသောဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တစ်နေ့ချင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။
10:18 တော၏ဘုန်းကိုလည်းကောင်း၊ အသီးအနှံထွက်သော လယ်၏ဘုန်းကိုလည်းကောင်း၊ သူ၏ကိုယ်ခန္ဓာ နာမ်ဝိညာဉ်နှင့်တကွ ကုန်စေတော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့အားလျော့လိမ့်မည်။
10:19 ကြွင်းသောတောပင်တို့ကို သူငယ်သည် စာရင်းယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
10:20 ထိုအခါမှစ၍၊ ဘေးလွတ်လျက်ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ကို ညှဉ်းဆဲသောသူ၌ နောက်တစ်ဖန် မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
10:21 ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင့်ထံသို့ ပြန်လာကြလိမ့်မည်။
10:22 အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရလိမ့်မည်။
10:23 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မြေတစ်ပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင်ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။
10:24 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသောငါ၏လူမျိုး၊ အာရှုရိမင်းကြောင့် မကြောက်နှင့်။ သူ၏ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်းပြုသည်နည်းတူ သူ၏လှံတံကို သင်၏အပေါ်မှာမိုးလိမ့်မည်။
10:25 သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက်စီးခြင်းသို့ ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊ ငါ့စိတ်လည်းပြေ လိမ့်မည်။
10:26 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သကဲ့သို့လည်းကောင်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့လည်းကောင်း၊ ထိုမင်းအဖို့ ဘေးဥပဒ်ကိုပြင်ဆင်၍၊ အဲဂုတ္ထုလက်ထက်၌ကဲ့သို့ တစ်ဖန်လှံတံတော်ကို ချီတော်မူမည်။
10:27 ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်ကလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်ကလည်းကောင်းချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းပိုးပျက်စီးရ၏။
10:28 အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင်အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကိုချထားပြီ။
10:29 တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စခန်းချကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့သည် ပြေး၏။
10:30 အို ဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။
10:31 မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိမ်မြို့သားတို့သည် လွတ်အောင်ပြေးကြ၏။
10:32 နောဘမြို့၌ တစ်ရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိလက်ကို လှုပ်လိမ့်မည်။
10:33 ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ကြောက်မက်ဖွယ်သောအခြင်းအရာနှင့် သစ်ပင်အထွဋ်ကိုပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက်တို့ကိုခုတ်လှဲ၍၊ ကြီးမားသောအခက်တို့ကို နှိမ့်ချတော်မူမည်။
10:34 တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနုန်တောသည် တန်ခိုးကြီးသောသူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။