Isaiah 9
9:1 သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။
9:2 မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။
9:3 ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကိုစုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကိုဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ ရှေ့တော်၌သူတို့သည် ဝမ်းမြောက်ကြပါ၏။
9:4 အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။
9:5 စစ်တိုက်သောသူရဲ၏ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဖို့မီးစာ ဖြစ်ရကြလိမ့်မည်။
9:6 အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။
9:7 ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
9:8 ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။
9:9 အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။
9:10 သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်းတို့သည် သိရကြလိမ့်မည်။
9:11 ထာဝရဘုရားသည်လည်း၊ ထိုသူတို့တစ်ဖက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ရန်သူတို့ကို ထစေတော်မူသဖြင့်၊
9:12 ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့သည် ပါးစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
9:13 ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။
9:14 ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုလည်းကောင်း တစ်နေ့ချင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။
9:15 ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသားကိုဟောပြောသော ပရောဖက်တည်း။
9:16 ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှာ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။
9:17 ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင်ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသောစကားကို ပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
9:18 အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တက်ကြလိမ့်မည်။
9:19 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့သည် မီးမွေးဖို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မနှမြောရ။
9:20 လက်ယာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်း ကိုက်စားရလိမ့်မည်။
9:21 မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။