Isaiah 14
14:1 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနား၍ ဣသရေလအမျိုးကို တစ်ဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌ နေရာချတော်မူလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူတို့နှင့်ပေါင်းဖော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်။
14:2 တစ်ပါးအမျိုးသားတို့သည် သူတို့ကို နေရင်းအရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် တစ်ပါးအမျိုးသားတို့ကို ထာဝရဘုရား၏ပြည်တော်တွင်၊ ကျွန်နှင့် ကျွန်မအရာ၌ထား၍ စေစားကြလိမ့်မည်။ အထက်က သိမ်းသွားဖူးသော သူတို့ကို တစ်ဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဖူးသောသူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။
14:3 ထိုအခါ ထာဝရဘုရားသည် သင့်ကိုငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတစ်ပါးစေစား၍ ဆင်းရဲစွာ အစေကျွန်ခံရခြင်းထဲကနုတ်၍၊ ချမ်းသာပေးတော်မူလျှင်၊
14:4 သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့ မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသောသူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေပြီကား။
14:5 လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊ အစဉ်မပြတ် ညှဉ်းဆဲခြင်းကိုပြုသော အဓမ္မလူတို့၏ တောင်ဝှေးကိုလည်းကောင်း၊
14:6 ထိုသို့ အစိုးရသောသူတို့၏ ရာဇလှံတံကိုလည်းကောင်း၊ ထာဝရဘုရားချိုးတော်မူပြီ။
14:7 မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။
14:8 ထင်းရှူးပင်နှင့် လေဗနုန်အာရဇ်ပင်တို့က၊ သင်တို့သည် လဲပြီးသည်နောက်၊ ငါတို့ကို ခုတ်လှဲသောသူသည် မတက်မလာရဟု သင့်ကိုရည်ဆောင်၍ ဝမ်းမြောက်ကြ၏။
14:9 သင်သည် ရောက်လာသောအခါ၊ အောက်အရပ် မရဏနိုင်ငံသည် ကြိုဆိုအံ့သောငှာ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင်အပေါင်းတို့ကို ရာဇပလ္လင်တို့မှထစေ၏။
14:10 ထိုသူအပေါင်းတို့က၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား။ ငါနှင့် တူပါသည်တကား။
14:11 သင်၏ဘုန်းအသရေနှင့် သင်၏တူရိယာမျိုး အသံဗလံတို့ကို မရဏာနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကိုခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကိုနှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။
14:12 အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။
14:13 သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။
14:14 မိုးတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေပြီ။
14:15 သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။
14:16 သင့်ကို မြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကို လှုပ်ခြောက်သောသူကား ဤသူလော။
14:17 လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တစ်ဖန်မလွှတ်သောသူကား ဤသူလော။
14:18 အပြည်ပြည်သော ရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။
14:19 သင့်ကိုမူကား၊ ရွံရှာဖွယ်သောသစ်ခက်ကဲ့သို့ သင်္ချိုင်းထဲက ထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ဓားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်းသော အသေကောင်ဖြစ်လေ၏။
14:20 သူတစ်ပါးတို့နှင့် ရောနှော၍ သင်္ဂြိုဟ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုးသားချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသောသူတို့၏အနွယ်သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
14:21 သူ၏သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတစ်ပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင်မည်အကြောင်း၊ သူတို့အဖို့ ဘိုးဘေးတို့၏အပြစ်ကြောင့် ကွပ်မျက်ခြင်းကိုပြင်ကြလော့။
14:22 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သူတို့တစ်ဖက်၌ထ၍ ဗာဗုလုန်မြို့၏နာမနှင့် အကြွင်းအကျန်ကိုလည်းကောင်း၊ သားမြေးတို့ကိုလည်းကောင်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
14:23 တစ်ဖန်လည်း၊ ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်းမိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တံမြက်စည်းဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
14:24 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍မိန့်တော်မူသည်ကား၊
14:25 ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏တောင်ရိုးပေါ်မှာ ခြေဖြင့်ကျော်နင်းမည်ဟု ငါကြံစည်သည်အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရလိမ့်မည်။ ထိုအခါ သူ၏ထမ်းပိုးကို သူတစ်ပါးအပေါ်ကရွှေ့၍၊ သူတို့ပခုံးပေါ်မှာ တင်သောဝန်ကို ချရသောအခွင့်ရှိလိမ့်မည်။
14:26 မြေတစ်ပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့ လက်တော်ကိုဆန့်လျက် ရှိ၏။
14:27 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အကြံတော်ကို အဘယ်သူ ဖျက်လိမ့်မည်နည်း။ ဆန့်တော်မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။
14:28 အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသောဗျာဒိတ်တော်ဟူမူကား၊
14:29 အို ဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သော ကြိမ်လုံးကျိုးသည်ကိုထောက်၍၊ ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွယ်သည်လည်း ပျံတတ်သော မီးမြွေဖြစ်လိမ့်မည်။
14:30 အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေးလွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည် သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊ သင်၏အကြွင်းကိုလည်း မြွေဆိုးသည် ကွပ်မျက်လိမ့်မည်။
14:31 အို တံခါး၊ ညည်းတွားလော့။ အို မြို့၊ ငိုကြွေးမြည်တမ်းလော့။ အို ဖိလိတ္တိပြည်လုံး၊ သင်သည် မှိုင်တွေလျက်ရှိ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း၌ တစ်ယောက်တခြားစီ နေသောသူမရှိ။
14:32 တစ်ပြည်တစ်နိုင်ငံမှ ရောက်လာသော သံတမန်တို့အား အဘယ်သို့ ပြန်ပြောရမည်နည်းဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူသည် ဖြစ်၍၊ ကိုယ်တော်၏ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။