Isaiah 13
13:1 ဗာဗုလုန်မြို့ကိုရည်ဆောင်၍ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
13:2 ရှင်းလင်းသောတောင်ပေါ်မှာ အလံကိုထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။ သူတို့သည် မင်းတို့နေရာ တံခါးများကို ဝင်ကြစေ။
13:3 ငါသန့်ရှင်းစေသောသူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှာ ငါခေါ်ပြီ။
13:4 ကြီးစွာသော အလုံးအရင်း၏အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် စစ်တိုက်ခြင်းငှာ၊ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။
13:5 ထာဝရဘုရားနှင့် အတူတကွ အမျက်တော်လက်နက်တို့သည် တစ်ပြည်လုံးကို ဖျက်ဆီးခြင်းငှာ၊ ဝေးသောပြည်၊ ကောင်းကင်စွန်းမှလာကြ၏။
13:6 ထာဝရဘုရား၏နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။
13:7 ထိုကြောင့်၊ ရှိသမျှသောလက်တို့သည် ကျကြလိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့်ခြင်းသို့ ရောက်ကြလိမ့်မည်။
13:8 နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ ဝေဒနာကိုခံရလျက်၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။
13:9 ထိုပြည်ကို ဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သော နေ့ရက်သည် ပြင်းထန်သောဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။
13:10 မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။
13:11 ထိုလောကီနိုင်ငံ၏အပြစ်ကိုလည်းကောင်း၊ မတရားသောသူတို့၏ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ထောင်လွှားခြင်းကို ငါနှိပ်စက်၍၊ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။
13:12 လူသည် ရွှေစင်ထက် အဖိုးထိုက်မည်အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဖိုးထိုက်မည်အကြောင်း ငါပြုမည်။
13:13 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာထွက်သောနေ့ရက်၌၊ မိုးကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။
13:14 ပြည်သားတို့သည် ကြောက်၍ ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။
13:15 တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေးလျက်ရှိသော သူအပေါင်းတို့လည်း ဓားဖြင့်ဆုံးကြလိမ့်မည်။
13:16 သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့အိမ်များကို လုယက်၍၊ သူတို့မယားများကို အဓမ္မပြုကြလိမ့်မည်။
13:17 ကြည့်ရှုလော့။ ငွေကို ပမာဏမပြု၊ ရွှေကို အလိုမရှိသော မေဒိလူများကို သူတို့တစ်ဖက်၌ ငါနှိုးဆော်မည်။
13:18 သူတို့သည် လူပျိုတို့ကို လေးနှင့် ရိုက်ခတ်ကြလိမ့်မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။
13:19 တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
13:20 ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှမဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။
13:21 တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုတ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
13:22 တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌လည်းကောင်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌လည်းကောင်း၊ အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သောကာလနီးလှပြီ။ ထိုမြို့၏အသက်တာ မရှည်ရ။