Isaiah 23
23:1 တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည်တိုင်အောင် ရှင်းရှင်းပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သတင်းကြားရ၏။
23:2 ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။
23:3 များသောရေကို အမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
23:4 အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီးက၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဖွား၊ လူပျိုနှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏။
23:5 အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သတင်းကိုကြားသောအခါ၊ ထိုသတင်းကြောင့် အလွန်စိတ်ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
23:6 တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။
23:7 ဤမြို့သည် ရှေးကာလ၌တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသောအရပ်၌ တည်းခိုခြင်းငှာ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
23:8 တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သော သူတို့သည် မြေကြီးမှူးမတ်ဖြစ်လျက်၊ ထိုမြို့တစ်ဖက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။
23:9 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏မာနကို အရှက်ခွဲခြင်းငှာလည်းကောင်း၊ မြေကြီးမှူးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှာလည်းကောင်း ထိုသို့ ကြံစည်တော်မူ၏။
23:10 အို တာရှုမြို့၏သမီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကိုနှံ့ပြားလော့။
23:11 ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သောအရပ်တို့ကို ဖျက်ဆီးစေခြင်းငှာ၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
23:12 ညှဉ်းဆဲခြင်းကို ခံရသောကညာ၊ ဇိဒုန်မြို့၏သမီး၊ သင်သည် နောက်တစ်ဖန် ရွှင်လန်းခြင်းမရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက်ခြင်းမရှိရဟု မိန့်တော်မူ၏။
23:13 အထက်ကမရှိသော ခါလဒဲအမျိုးသားတို့နေသောပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဖို့ တည်ထောင်၏။ ထိုပြည်သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော်များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။
23:14 တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ သင်တို့၏မြို့ကြီးသည် ပျက်ကုန်ပြီ။
23:15 ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တစ်ဆက် အတိုင်းအရှည်၊ အနှစ်ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ် ခုနစ်ဆယ်လွန်သောအခါ၊ ပြည့်တန်ဆာမိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။
23:16 အဘယ်သူမျှ မအောက်မေ့သော ပြည့်တန်ဆာမိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည်လော့။ သူတစ်ပါးတို့သည် သင့်ကို သတိရစေခြင်းငှာ၊ သာယာသောအသံနှင့် တီး၍၊ သီချင်းကို များစွာဆိုလော့။
23:17 အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တစ်ဖန် အမြတ်ရသော ဘာသာသို့လိုက်ပြန်၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့နှင့် မတရားသောမေထုန်ကို ပြုလိမ့်မည်။
23:18 သို့ရာတွင်၊ သူ၏ကုန်သွယ်ခြင်း၊ အမြတ်ရခြင်းအရာတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ဆည်းပူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာသည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဖို့ ဖြစ်၍ သူတို့သည်ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။