Isaiah 24
24:1 ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။
24:2 ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့လည်းကောင်း၊ သခင်သည် ကျွန်ကဲ့သို့လည်းကောင်း၊ သခင်မသည် ကျွန်မကဲ့သို့လည်းကောင်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့လည်းကောင်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့လည်းကောင်း၊ အတိုးစားသောသူသည် အတိုးပေးသော သူကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။
24:3 တစ်ပြည်လုံး လွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့်မည် ဟူသောအရာကို ထာဝရဘုရား မိန့်တော်မူ၏။
24:4 ပြည်တော်သည် ငြိုငြင်ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။
24:5 ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညူးခြင်းရှိ၏။
24:6 ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် ပြည်တော်ကိုလွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ။ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသောသူတို့သည် နည်းကြ၏။
24:7 သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသောသူအပေါင်းတို့သည် ညည်းတွားကြ၏။
24:8 သာယာသောပတ်သာအသံ ငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံလည်း ငြိမ်းပြီ။
24:9 သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပါးစပ်ခါးကြလိမ့်မည်။
24:10 လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှာ၊ အိမ်များကို ပိတ်ထားကြပြီ။
24:11 စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တစ်ပြည်လုံး၌ သာယာသောအသံငြိမ်းပြီ။
24:12 ဆိတ်ညံခြင်းသည် မြို့ထဲမှာကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
24:13 ထိုသို့ ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကိုလှုပ်၍ အသီးကို ရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
24:14 ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တစ်ဖက်မှ မြည်ကြလိမ့်မည်။
24:15 သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း ချီးမွမ်းကြလော့။
24:16 သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည်ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက်နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လုယက်ကြ၏။
24:17 အို ပြည်သား၊ သင်သည် ကြောက်လန့်ဖွယ်သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။
24:18 ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။
24:19 ပြည်တော်သည် တစ်ပြည်လုံး ပြုတ်လေပြီ။ ပြည်တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။
24:20 ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာလေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တစ်ဖန်မထရ။
24:21 ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌ မြင့်သောအလုံးအရင်းကိုလည်းကောင်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။
24:22 သူတို့သည် တွင်းထဲမှာ တစ်စုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကိုခံလျက် နေရကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကို ခံရကြလိမ့်မည်။
24:23 လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတ္တံ့။