Isaiah 25
25:1 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။
25:2 မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။
25:3 ထိုကြောင့်၊ အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဖွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
25:4 ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။
25:5 သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တစ်ကျွန်းတစ်နိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုးတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏သီချင်းသံ ပျောက်ရပါလိမ့်မည်။
25:6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။
25:7 လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကိုဖုံးလွှမ်းသော တင်းတိမ်ကိုလည်းကောင်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။
25:8 သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။
25:9 ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။
25:10 အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်သည် ဤတောင်ပေါ်မှာငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ဗွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်။
25:11 ရေကူးသောသူသည် ရေကူးခြင်းငှာ လက်ကိုဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကိုဆန့်၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။
25:12 သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။