Isaiah 27
27:1 ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကိုလည်းကောင်း၊ လိမ်သော မြွေလဝိသန်ကိုလည်းကောင်း ခိုင်ခံ့ကြီးမားသော ဓားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။
27:2 ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။
27:3 ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မခြားမလပ် ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်းငှာ၊ နေ့ညမပြတ် စောင့်ရှောက်မည်။
27:4 ငါ့အမျက် ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ ချက်ချင်းတိုက်၍ တစ်ပြိုင်နက်မီးရှို့မည်။
27:5 သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ ငါနှင့် မိတ်သဟာယ ဖွဲ့ကြစေ။ ငါနှင့် မိတ်သဟာယဖွဲ့ကြစေသော။
27:6 နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံထွက်သဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။
27:7 သူ့ကို ညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သောသူတို့သည် အသေသတ်ခြင်းကို ခံရကြသည် နည်းတူ၊ သူသည် အသေသတ်ခြင်းကို ခံရသလော။
27:8 သူ့ကိုစွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ၏။ အရှေ့လေ လာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။
27:9 ထိုသို့ ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။
27:10 သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံသောအရပ်၊ တောကဲ့သို့စွန့်၍ ပစ်ထားသောနေရာ ဖြစ်လိမ့်မည်။ ထိုအရပ်၌ နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်။
27:11 အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍ မီးရှို့ကြလိမ့်မည်။ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏။ ထိုကြောင့်၊ ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။
27:12 အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တစ်ယောက်နောက်တစ်ယောက်၊ ကောက်သိမ်းခြင်းကျေးဇူးတော်ကို ခံရကြလိမ့်မည်။
27:13 ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့်မည်။ အာရှုရိပြည်၌ ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့်ပစ်သောသူတို့သည် လာ၍၊ ယေရုရှလင်မြို့တွင်၊ သန့်ရှင်းသောတောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုးကွယ်ကြလိမ့်မည်။