Isaiah 28
28:1 စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။
28:2 ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည်၊ မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက်မုန်တိုင်း ကဲ့သို့လည်းကောင်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့လည်းကောင်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။
28:3 ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည်၊ ကျော်နင်းခြင်းကို ခံရလိမ့်မည်။
28:4 ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည်၊ နွေကာလမစေ့မီ အလျင်သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင် စားတတ်၏။
28:5 ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သော ဦးရစ် ဖြစ်တော်မူလိမ့်မည်။
28:6 တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား၊ ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။
28:7 သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။
28:8 သူတို့စားပွဲ ရှိသမျှတို့သည်၊ လွတ်လပ်ရာ မရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်လည်းကောင်း၊ အညစ်အကြေးနှင့်လည်းကောင်း ပြည့်လျက်ရှိကြ၏။
28:9 သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။
28:10 ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည်တကားဟု ဆိုကြ၏။
28:11 အကယ်စင်စစ်၊ စကားမပြီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။
28:12 ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ကြ။
28:13 ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိ ဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
28:14 သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သား အကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
28:15 သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိတ်သဟာယ ဖွဲ့ကြပြီ။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသားကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ်၍ နေကြ၏ဟု ဆိုတတ်သောကြောင့်၊
28:16 အရှင်ထာဝရဘုရားက၊ စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်း မရှိ။
28:17 တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုးသီးရွာ၍ ကိုးစားရာမုသားကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။
28:18 သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိတ်သဟာယပျက်လိမ့်မည်။ မရဏနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။
28:19 ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညမပြတ် ချင်းနင်းသည်ဖြစ်၍၊ သတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်း ရှိလိမ့်မည်။
28:20 ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏။
28:21 ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှာလည်းကောင်း၊ အလုပ်တော်တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက်စသတ်ခြင်းငှာလည်းကောင်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။
28:22 ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တစ်ဖန် ဆဲရေးခြင်းကို မပြုကြနှင့်။ ပြည်တစ်ပြည်လုံး၌ အနှံ့အပြား စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါကြားရပြီ။
28:23 ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့ နားထောင်နာယူကြလော့။
28:24 လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှာ၊ မြေကိုဆွလျက်၊ မြေစိုင်ကိုချေလျက် အစဉ် လယ်ထွန်တတ်သလော။
28:25 လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။
28:26 အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သော ဉာဏ်ကိုပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။
28:27 စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်လည်းကောင်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့်လည်းကောင်း ရိုက်တတ်၏။
28:28 ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အစဉ်နယ်တတ်သည် မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင်သော်လည်း၊ စပါးကို ညက်စေတတ်သည် မဟုတ်။
28:29 ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံပေးတော်မူခြင်းသည် အံ့ဩဖွယ်ဖြစ်၏။ ဉာဏ်တော်သည်လည်း ထူးဆန်းပေ၏။