Isaiah 3
3:1 အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။
3:2 တန်ခိုးကြီးသောသူ၊ စစ်တိုက်သောသူ၊ တရားသူကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊
3:3 သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။
3:4 ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ငါခန့်ထား၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။
3:5 ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
3:6 ထိုကြောင့်၊ လူသည် ပေါက်ဖော်ချင်းညီအစ်ကိုကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ်တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊
3:7 သူကလည်း၊ ငါသည် ပြုပြင်နိုင်သောသူ မဟုတ်။ ငါ့အိမ်၌မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည်သားတို့အပေါ်မှာ မင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။
3:8 ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည် ဆုံးရှုံးလျက်ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသောမျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။
3:9 သူတို့မျက်နှာအနေအထားသည် သူတို့တစ်ဖက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကို မဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ဆပ်ပေးကြပြီ။
3:10 ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ဟု ထိုသူအားပြောလော့။ အကြောင်းမူကား၊ သူသည် မိမိအကျင့်တို့၏အကျိုးကို ခံစားရလိမ့်မည်။
3:11 မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့်သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။
3:12 ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏။ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
3:13 ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သောငှာ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။
3:14 ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီးသူတို့ကိုလည်းကောင်း၊ မင်းတို့ကိုလည်းကောင်း တရားစီရင်ရာ၌ ဆီးကြိုတော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကို စားကြပြီ။ ဆင်းရဲသောသူတို့၏ဥစ္စာကိုလုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။
3:15 ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
3:16 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊
3:17 ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှအဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။
3:18 ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဇာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊
3:19 နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊
3:20 ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊
3:21 လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊
3:22 ရွှေဇာအင်္ကျီ၊ တဘက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊
3:23 လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။
3:24 မွှေးသောအနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသောအဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။
3:25 သင်၏လူတို့သည် ဓားလက်နက်ဖြင့်လည်းကောင်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်လည်းကောင်း လဲ၍ ဆုံးရှုံးကြလိမ့်မည်။
3:26 သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊