Isaiah 30
30:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန်သောအမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကိုအမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ်အခွင့်မရှိဘဲ မိတ်သဟာယဖွဲ့၍ အထပ်ထပ်အပြစ် ရောက်ကြ၏။
30:2 ဖာရောဘုရင်၏ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအရိပ်ကို ခိုလှုံခြင်းငှာ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တုပြည်သို့ ရောက်အောင် သွားကြ၏။
30:3 သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။
30:4 သူတို့မင်းတို့သည် ဇောနမြို့၌ ရှိကြပြီ။ သံတမန်တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။
30:5 အသုံးမဝင်၊ အကူအညီမပေး၊ ကျေးဇူးမပြုနိုင်ဘဲ ရှက်ကြောက်ခြင်း၊ အသရေပျက်ခြင်း အကြောင်းသာဖြစ်သော လူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ၏။
30:6 ခြင်္သေ့မ၊ ခြင်္သေ့ပျို၊ မြွေဆိုး၊ ပျံတတ်သောမီးမြွေ များသဖြင့်၊ အလွန်ခဲယဉ်း၍ ဆင်းရဲသောပြည်ကို လျှောက်လျက်၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သောဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ကုလားအုတ်၏ဘို့ပေါ်မှာ ဘဏ္ဍာများကိုလည်းကောင်း တင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား။
30:7 အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက်၊ အကျိုးမပေးနိုင်။ ထိုကြောင့်၊ မလှုပ်ဘဲနေတတ်သော ရာခပ်ဟု ငါသမုတ်ပေ၏။
30:8 သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊
30:9 ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား၊ ထာဝရဘုရား၏တရားတော်ကို နာယူခြင်းငှာ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။
30:10 သူတို့ကလည်း၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသော သူတို့အားလည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ဟောကြပါ။
30:11 လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အားလည်းကောင်း ဆိုတတ်ကြ၏။
30:12 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် နှုတ်ကပတ်တော်ကိုပယ်၍၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲခိုလှုံသောကြောင့်၊
30:13 သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက်ကဲ့သို့လည်းကောင်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ချင်း ပြိုပျက်တတ်၏။
30:14 မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင်လည်း မီးဖိုထဲက မီးခဲခံစရာဖို့၊ ရေကန်ထဲက ရေခပ်စရာဖို့ အိုးခြမ်းတစ်ခုမျှ မရှိစေခြင်းငှာ၊ နှမြောခြင်းမရှိဘဲ ခွဲခြင်းကို ခံရလိမ့်မည်။
30:15 ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။
30:16 ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတစ်ပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။
30:17 သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့လည်းကောင်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့လည်းကောင်း ဖြစ်ရသည်တိုင်အောင်၊ တစ်ယောက်သောသူသည် ခြိမ်းလျှင်၊ တစ်ထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တစ်သောင်းပြေးကြလိမ့်မည်။
30:18 သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။
30:19 ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည် အစဉ် ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။
30:20 ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကိုကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ဆရာတို့သည် နောက်တစ်ဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။
30:21 သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။
30:22 ထုလုပ်သော ငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။
30:23 သင်သည် လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။
30:24 ဆန်ကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်းမွန်စွာ ရောနှောသော စပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။
30:25 များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများ ရှိကြလိမ့်မည်။
30:26 ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့်မည်။
30:27 ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။
30:28 ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်းရှင်း ဖျက်ဆီးခြင်းငှာ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။
30:29 သင်တို့သည် ပွဲခံသောနေ့ညတွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက် သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။
30:30 ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက်၊ မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။
30:31 သို့ဖြစ်၍၊ အာရှုရိလူသည် ထာဝရဘုရား၏အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။
30:32 ထာဝရဘုရားစီရင်၍၊ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် လျှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။
30:33 အကြောင်းမူကား၊ တောဘက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဖို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှာ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဖို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။