Isaiah 29
29:1 အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပေါ်မှာ တစ်နှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။
29:2 သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။
29:3 ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။
29:4 သင်သည် နှိမ့်ချခြင်းကိုခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုး မြွက်ဆိုရလိမ့်မည်။
29:5 သို့ရာတွင်၊ သင်၏ရန်သူ အလုံးအရင်းသည် အဏုမြူကဲ့သို့လည်းကောင်း၊ ကြောက်မက်ဖွယ်သောသူ အလုံးအရင်းသည် လွင့်သွားသော ဖွဲကဲ့သို့လည်းကောင်းဖြစ်၍၊ အလျင်တဆော ချက်ချင်း အမှုရောက်လိမ့်မည်။
29:6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုးသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။
29:7 အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသောသူ အပေါင်းတို့သည် အိပ်မက်တည်းဟူသော ညရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။
29:8 မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ် မပြေသကဲ့သို့လည်းကောင်း၊ ရေငတ်သောသူသည် အိပ်မက်တွင် သောက်ရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့်တလျက် ရှိသကဲ့သို့လည်းကောင်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန်တောင်ကို စစ်တိုက်သော အလုံးအရင်းသည် ဖြစ်ရလိမ့်မည်။
29:9 ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျက်ရှိကြ၏။
29:10 အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကိုပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူများတို့ကို ဖုံးလွှမ်းတော်မူပြီ။
29:11 ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ ဖြစ်၏။ ထိုစာသည် စာတတ်သောသူအားပေး၍၊ ဤစာကို ဖတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ဤစာကို ငါမဖတ်နိုင်။ တံဆိပ်ခတ်လျက်ရှိ၏ဟု ပြန်ပြောတတ်၏။
29:12 ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာကိုဖတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ်ဟု ပြန်ပြောတတ်၏။
29:13 ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။
29:14 ထိုကြောင့်၊ အံ့ဩကြောက်မက်ဖွယ်သော အမှုကို ဤလူမျိုးတွင် တစ်ဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိတို့၏ပညာသည် ပျက်စီးလိမ့်မည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
29:15 ထာဝရဘုရား မသိစေခြင်းငှာ၊ နက်နဲသောအကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
29:16 သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူသည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။
29:17 လေဗနုန်တောင်သည် ဝပြောသော လယ်ပြင်ကဲ့သို့လည်းကောင်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့လည်းကောင်း ဖြစ်ရသောအချိန် နီးပြီမဟုတ်လော။
29:18 ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစကားကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြလိမ့်မည်။
29:19 စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွားကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။
29:20 အကြောင်းမူကား၊ ကြောက်မက်ဖွယ်သောသူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊
29:21 တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှာ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။
29:22 သို့ဖြစ်၍ အာဗြဟံအမျိုးကို ရွေးနုတ်တော်မူသော ထာဝရဘုရားသည်၊ ယာကုပ်အမျိုးကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တစ်ဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။
29:23 ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကို မြင်လျှင်၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အမျိုး၏ သန့်ရှင်းသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
29:24 စိတ်သဘော ဖောက်ပြန်သောသူတို့သည် ပညာသတိကို ရကြ၍၊ ဆန့်ကျင်ဘက်ပြုသော သူတို့သည်လည်း၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။