Isaiah 32
32:1 ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။
32:2 ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
32:3 မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။
32:4 သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏လျှာသည်လည်း စကားပြီအောင် ပြောတတ်လိမ့်မည်။
32:5 ယုတ်သောသူကို နောက်တစ်ဖန်အမြတ်ဟူ၍လည်းကောင်း၊ စေးနှဲသောသူကိုလည်း နောက်တစ်ဖန် စွန့်ကြဲတတ်သောသူ ဟူ၍လည်းကောင်း မခေါ်ရ။
32:6 အကြောင်းမူကား၊ ယုတ်သောသူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ်သောသူကို သာ၍ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရေငတ်သောသူကို ရေမသောက်စေခြင်းငှာလည်းကောင်း၊ ယုတ်သောစကားကို ပြော၍ မကောင်းသောအကြံကို ကြံလေဦးမည်။
32:7 စေးနှဲသောသူ သုံးဆောင်ရာတန်ဆာသည်လည်း ဆိုးလှ၏။ ဆင်းရဲငတ်မွတ်သောသူ၏ အမှုသည်မှန်သော်လည်း၊ ထိုသို့သောသူကို မုသားစကားအားဖြင့် ဖျက်ဆီးခြင်းငှာ၊ မကောင်းသောအကြံကိုသာ ကြံတတ်၏။
32:8 စေတနာရှိသောသူမူကား၊ စေတနာနှင့်ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည်။
32:9 ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြောသံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါ့စကားကို နားထောင်ကြလော့။
32:10 သတိမရှိသောမိန်းမတို့၊ သင်တို့သည် တစ်နှစ်လွန်မှ ပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်းခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာလမရောက်ရ။
32:11 ငြိမ်သက်စွာနေသော မိန်းမတို့၊ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ်တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့။
32:12 ရင်ပတ်ကိုခတ်ခြင်း၊ သာယာသောလယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွားခြင်း ရှိလိမ့်မည်။
32:13 ငါ့လူတို့၏ မြေကိုလည်းကောင်း၊ ဝမ်းမြောက်သောအိမ်နှင့် ရွှင်လန်းသော မြို့ကိုလည်းကောင်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။
32:14 ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ် မြေတွင်းနှင့်ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။
32:15 ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသောလယ်သည် တောအုပ်ကဲ့သို့ မှတ်ရသောကာလ မရောက်မီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။
32:16 ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။
32:17 ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။
32:18 ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။
32:19 သို့ရာတွင်၊ မိုးသီးကျသဖြင့် တောအုပ်ကိုလှဲ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။
32:20 ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။