Isaiah 33
33:1 သူတစ်ပါး လုယူခြင်းကိုမခံဘဲလျက်၊ လုယူတတ်သောသူ၊ သူတစ်ပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီးတတ်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
33:2 အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မျှော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
33:3 အလုံးအရင်း၏အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။
33:4 သူတစ်ပါးတို့သည် သင်တို့၏ဥစ္စာကို ကျိုင်းကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။
33:5 ထာဝရဘုရားသည် ချီးမြှောက်ခြင်း ရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏။
33:6 ဉာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
33:7 သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိတ်သဟာယစကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။
33:8 လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွားလာသောသူ မရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကိုလည်း ပယ်လေပြီ။ အဘယ်သူ၏မျက်နှာကို မမှတ်တတ်။
33:9 ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗနုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ်သည် တောကဲ့သို့ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလတောင်သည် လှုပ်ရှား၏။
33:10 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကိုကိုယ် ချီးမြှောက်မည်။
33:11 သင်တို့သည် ဖွဲကို ကိုယ်ဝန်ဆောင်၍၊ အမှိုက်ကို ဖွားမြင်ရလိမ့်မည်။ သင်တို့ စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။
33:12 လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့လည်းကောင်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
33:13 ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။
33:14 အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရမီးလောင်ခြင်းကို ခံလျက်နေရမည်နည်း။
33:15 တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသောငွေကို ရွံ၍၊ တံစိုးကိုလည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သောအရပ်၌ နေလိမ့်မည်။
33:16 ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
33:17 သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်းအသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကိုလည်း ကြည့်မြင်ရလိမ့်မည်။
33:18 သင်သည် ကြောက်လန့်ဖွယ်သော အခြင်းအရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။
33:19 ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစကားကို ပြောသော လူမျိုးကို သင်သည် မတွေ့မမြင်ရ။
33:20 ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင်တစ်ခုမျှမရွှေ့၊ ကြိုးတစ်ခုမျှမပြတ်၊ အလျှင်းမပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။
33:21 ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစ်စင်းမျှ မလျှောက်မသွားရ။
33:22 အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။
33:23 သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။
33:24 မြို့သားကလည်း၊ ငါနာသည်ဟု မဆိုရ။ ထိုမြို့၌နေသော သူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။