Isaiah 34
34:1 အို လူမျိုးတို့၊ သင်တို့သည် ကြားရအံ့သောငှာ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ။
34:2 ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူတို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏။
34:3 သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ပစ်လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။
34:4 ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့လည်းကောင်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့လည်းကောင်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။
34:5 အကြောင်းမူကား၊ ငါ့ဓားသည် မိုးကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တစ်ဖန် ဧဒုံပြည်အပေါ်မှာလည်းကောင်း၊ ငါကျိန်သောလူများတို့ အပေါ်မှာလည်းကောင်း၊ ဒဏ်ပေးခြင်းငှာ ရောက်လိမ့်မည်။
34:6 ထာဝရဘုရား၏ဓားတော်သည် အသွေးနှင့်ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကိုလည်းကောင်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကိုလည်းကောင်း ခံတော်မူ၏။
34:7 ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။
34:8 ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာနှစ် ရောက်လေပြီ။
34:9 ထိုပြည်၏မြစ်ရေသည် ထင်းရှူးစေး၊ မြေမှုန့်လည်း ကန့်၊ တစ်ပြည်လုံးလည်း မီးလောင်သောအစေး ဖြစ်လိမ့်မည်။
34:10 နေ့ညမပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ်တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မလျှောက်မသွားရ။
34:11 ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်းမျဉ်းကြိုးကိုတန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။
34:12 မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ်တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။
34:13 ဘုံဗိမာန်တို့၌လည်းကောင်း၊ ရဲတိုက်တို့၌လည်းကောင်း၊ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ငှက်ကုလားအုတ်နေရာ ဖြစ်ရလိမ့်မည်။
34:14 ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တစ်ကောင်ကိုတစ်ကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်းနား၍ ခိုလှုံရာကိုတွေ့လိမ့်မည်။
34:15 ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အသိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထိုအရပ်၌ စုဝေး၍၊ အထီးအမများ ပေါင်းကြလိမ့်မည်။
34:16 ထာဝရဘုရား၏ကျမ်းစာကိုကြည့်ရှု၍ ဖတ်ကြလော့။ ထိုတိရစ္ဆာန်တစ်ကောင်မျှ မပေါ်ဘဲမနေရ။ အမတစ်ကောင်မျှ မိမိအဖော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူတို့ကို စုဝေးစေတော်မူ၏။
34:17 သူတို့ကို စာရေးတံပြုလျက်၊ လက်တော်နှင့် မျဉ်းကြိုးကိုတန်းလျက်၊ သူတို့နေရာကို ခွဲဝေတော်မူ၏။ သူတို့သည် ထိုပြည်ကို အမြဲအမွေခံ၍၊ အမျိုးအနွယ် အစဉ်အဆက်နေရကြလိမ့်မည်။