Isaiah 36
36:1 ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကိုစစ်ချီ၍ လုပ်ကြံပြီးလျှင်၊
36:2 ရာဗရှာခကိုခန့်ထား၍ များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည်ရောက်၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေ၏။
36:3 ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင်၊
36:4 ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိကိုမိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။
36:5 စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင်ဆိုပါသည်တကား။ ငါ့ကို ပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။
36:6 ကျိုးသော ကျူလုံးတောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူ အပေါင်းတို့ကို ပြုလိမ့်မည်။
36:7 သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရား ဖြစ်သည်မဟုတ်လော။
36:8 သို့ဖြစ်၍၊ ယခုတွင် ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌ မြင်းစီးသူရဲလုံလောက်အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်။
36:9 သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တကား။
36:10 ထာဝရဘုရား၏အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
36:11 ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသောသူတို့သည် ကြားရအောင်၊ ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင်၊
36:12 ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကိုပြောစေခြင်းငှာ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက်၊ သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လောဟု ဆိုပြီးလျှင်၊
36:13 ရာဗရှာခသည် ထ၍ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။
36:14 ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည်သင်တို့ကို ကယ်ယူခြင်းငှာ မတတ်နိုင်။
36:15 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။
36:16 ဟေဇကိစကားကို နားမထောင်ကြနှင့်။ အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ ထွက်လာကြ။
36:17 သင်တို့ပြည်နှင့် တူသောပြည်တည်းဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကိုပို့ခြင်းငှာ ငါမလာမီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကိုစား၍၊ ကိုယ်ရေကန်က ရေကို သောက်လျက်နေကြဦးလော့။
36:18 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။
36:19 ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။
36:20 ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။
36:21 ယုဒလူတို့လည်း၊ စကားတစ်ခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။
36:22 ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍၊ ရာဗရှာခစကားကို ကြားလျှောက်ကြ၏။