Isaiah 37
37:1 ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။
37:2 လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။
37:3 ဟေဇကိမင်းမှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကို ဖွားနိုင်အောင်ခွန်အားမရှိ။
37:4 အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရားကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊
37:5 ဟေဇကိမင်း စေလွှတ်သောကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
37:6 ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်။
37:7 ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
37:8 ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။
37:9 နောက်တစ်ဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍လာပြီဟု သတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊
37:10 သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။
37:11 အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။
37:12 ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို၊ သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။
37:13 ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
37:14 ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။
37:15 ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊
37:16 ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော၊ ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
37:17 အို ထာဝရဘုရား၊ နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကိုကဲ့ရဲ့၍၊ ပြောစေသောစကားအလုံးစုံတို့ကို မှတ်တော်မူပါ။
37:18 အို ထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊
37:19 သူတို့၏ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။
37:20 အို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
37:21 ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပတ္ထနာပြုသည်ဖြစ်၍၊
37:22 ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။
37:23 သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။
37:24 သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင်အထွဋ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများသောတောထဲသို့ ငါဝင်ပြီ။
37:25 ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
37:26 ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူ ဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။
37:27 ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင် ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့်၊ မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
37:28 သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကိုငါသိ၏။
37:29 ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
37:30 သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူ ပေါက်သောအရာများကိုလည်းကောင်း သင်တို့သည်စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့။
37:31 ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန်အောက်မှာအမြစ်စွဲ၍၊ အထက်မှာ အသီးသီးကြလိမ့်မည်။
37:32 ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲကလည်းကောင်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကလည်းကောင်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
37:33 သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။
37:34 လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
37:35 ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
37:36 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်၍၊ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
37:37 အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ၏။
37:38 နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန်သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။