Isaiah 41
41:1 တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။
41:2 ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှာ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ၏ဓားရှေ့မှာ မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့လည်းကောင်း အဘယ်သူဖြစ်စေသနည်း။
41:3 ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဖူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။
41:4 ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသောသူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။
41:5 တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သောစိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
41:6 အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် မစ၍၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။
41:7 ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသောသူသည်၊ ပေပေါ်မှာရိုက်သောသူကိုလည်း နှိုးဆော်၍၊ ဂဟေကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်းငှာ သံချွန်နှင့် ရိုက်ထားတတ်၏။
41:8 ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊
41:9 မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ခေါ်သောသူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ ဟူ၍လည်းကောင်း၊ သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ် ဟူ၍လည်းကောင်း၊ ကတိကိုခံရသောသူ၊
41:10 မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။
41:11 သင်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ ရန်ပြုသောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
41:12 သင်နှင့် ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
41:13 အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ယာလက်ကို ကိုင်မည်။
41:14 အို တီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
41:15 ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
41:16 သူတို့ကိုလှေ့၍၊ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားလိမ့်မည်။
41:17 ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာသွေ့ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကိုမစွန့်။
41:18 မြင့်သောအရပ်တို့၌ မြစ်ကိုလည်းကောင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုလည်းကောင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကိုလည်းကောင်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေတွင်းများကိုလည်းကောင်း ငါဖြစ်စေမည်။
41:19 တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကိုလည်းကောင်း၊ လွင်ပြင်၌ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်များကိုလည်းကောင်း ရောနှောလျက် စိုက်မည်။
41:20 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား ဖန်ဆင်းတော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။
41:21 သင်တို့၏အမှုကို စောင့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ရှင်ဘုရင် မိန့်တော်မူ၏။
41:22 ထုတ်ဖော်၍ အနာဂတ္တိအရာတို့ကို ငါတို့အားပြကြစေ။ အရင်ဖြစ်ဖူးသောအရာတို့သည် အဘယ်သို့ဖြစ်သည်ကို ငါတို့ဆင်ခြင်၍၊ ထိုအရာတို့၏အဆုံးကို သိရမည်အကြောင်း ဖော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတ္တံ့သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။
41:23 သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့သိရမည်အကြောင်း၊ ဖြစ်လတ္တံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုတွေ့မြင်မည် အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစ်စုံတစ်ခုကို ပြုကြလော့။
41:24 သင်တို့သည် အဘယ်မျှမဟုတ်သော အရာထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သောအမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသောသူသည် ရွံရှာဖွယ်ဖြစ်၏။
41:25 မြောက်မျက်နှာ၌ လူတစ်ယောက်ကို ငါပေါ်ထွန်းစေ၍၊ သူသည်လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကိုပတ္ထနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကိုနင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေအမှတ်နှင့် ကျော်နင်းလိမ့်မည်။
41:26 ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဖော်ပြသောသူ တစ်ယောက်မျှမရှိ။ ဟောပြောသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားသောသူ တစ်ယောက်မျှမရှိ။
41:27 ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေ့ဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရုရှလင်မြို့သို့ ငါစေလွှတ်၏။
41:28 သူတို့ကို ငါကြည့်ရှုသောအခါ၊ တစ်စုံတစ်ယောက်မျှ မရှိ။ သူတို့တွင် သတိပေးသောသူ တစ်ယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှာ သူတို့ကို ငါမေးမြန်းသော်လည်း၊
41:29 သူတို့သည် အကြွင်းမဲ့ အနတ္တဖြစ်ကြ၏။ သူတို့အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တုတို့လည်း အတ္တမရှိ၊ လေသက်သက် ဖြစ်ကြ၏။