Isaiah 40
40:1 သင်တို့၏ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။
40:2 စစ်မှုကို ထမ်းရသောအချိန်စေ့ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသောစကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ။
40:3 တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။
40:4 ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
40:5 ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတ္တံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။
40:6 တစ်ဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
40:7 ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။
40:8 မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။
40:9 ဇိအုန်တောင်သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့။
40:10 ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီးသောတန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ပါလျက်၊ ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏။
40:11 မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။
40:12 ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုးကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်လည်းကောင်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်လည်းကောင်း ချိန်သောသူကား အဘယ်သူနည်း။
40:13 ထာဝရဘုရား၏ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။
40:14 အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။
40:15 လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။
40:16 လေဗနုန်တောသည် မီးမွေးဖို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာယဇ်ဖို့ မလောက်။
40:17 ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ရှေ့တော်၌ဖြစ်ကြ၏။ အဘယ်မျှမဟုတ်သော အရာထက်သာ၍ ငယ်သကဲ့သို့လည်းကောင်း၊ အနတ္တကဲ့သို့လည်းကောင်း မှတ်တော်မူ၏။
40:18 သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဌာန်တူသည်ဟု ဆိုရအံ့နည်း။
40:19 ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။
40:20 အဖိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက်ပြီးမှ၊ မြဲမြံသောရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသောလက်သမားကို ရှာတတ်၏။
40:21 သင်တို့သည် မသိကြသလော။ မကြားကြသလော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဖော်မပြသလော။ မြေကြီးတည်သည် အကြောင်းကို နားမလည်ကြသလော။
40:22 မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊
40:23 မင်းတို့ကို ရှုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသောသူပေတည်း။
40:24 အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေပွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။
40:25 သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။
40:26 အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
40:27 အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။
40:28 ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း၊ သင်သည် မသိမကြားဖူးသလော။
40:29 ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။
40:30 လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။
40:31 ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။