Isaiah 45
45:1 အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှာ၊ အကြင်သူ၏ လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
45:2 သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
45:3 မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထားသောဥစ္စာတို့ကို သင့်အားငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
45:4 ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက်၊ ငါသည် သင့်ကို နာမည်ဖြင့်ခေါ်၏။ သင်သည် ငါ့ကိုမသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
45:5 ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
45:6 သို့ဖြစ်၍ ငါမှတစ်ပါး အခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။
45:7 ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။
45:8 မိုးကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုးတိမ်တို့သည် တရားမိုးရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တစ်ပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။
45:9 အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်လော။
45:10 မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ပွားစေသနည်း ဟူ၍လည်းကောင်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဖွားသနည်း ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
45:11 ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဖြစ်လတ္တံ့သောအမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင်ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။
45:12 မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုးကောင်းကင်ကို ကိုယ်လက်နှင့် ငါကြက်လေပြီ။ မိုးကောင်းကင်တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။
45:13 ထိုသူကိုလည်း တရားတော်အတိုင်း ငါပေါ်ထွန်းစေ၏။ သူသွားသောလမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွားချုပ်ထားခြင်းကို ခံရသော ငါ၏လူတို့ကို သူသည် အဖိုးမခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
45:14 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းပူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသား ပြုစုသောကုန်သွယ်ဥစ္စာသည် သင့်ဘက်သို့ရောက်၍၊ သင်၏ဥစ္စာ ဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့လိုက်၍ သံကြိုးနှင့်ချည်နှောင်လျက် လမ်း၌ လျှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပျပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားသာဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
45:15 အို ဣသရေလအမျိုး၏ ဘုရားသခင်၊ ကယ်တင်တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကိုထင်ရှားစွာ ပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။
45:16 ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တစ်ပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
45:17 ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရ ကယ်တင်ခြင်းသို့ရောက်၍၊ သင်တို့သည် ရှက်ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ်ကြလိမ့်မည်။
45:18 မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသော အရှင်၊ အချည်းနှီးဖန်ဆင်းသည် မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရား မရှိ။
45:19 ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သောအရပ်၌ မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာပြော၍ အတည့်အလင်း ဟောတတ်သော ထာဝရဘုရားဖြစ်၏။
45:20 သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်းတိုင်း အပြည်ပြည်တို့မှ ဘေးလွတ်သောသူတို့၊ စည်းဝေးကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပတ္ထနာပြုသောသူတို့သည် ပညာမရှိကြ။
45:21 သတင်းကြားပြောကြလော့။ လူများကို အနီးသို့ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဖော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။
45:22 မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရား မရှိ။
45:23 ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည်ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။
45:24 ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံတော်သို့လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။
45:25 ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ဝါကြွားကြလိမ့်မည်။