Isaiah 46
46:1 ဗေလသည် ကျပြီ။ နေဗောသည်ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန်တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ထမ်းဖူးသောဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။
46:2 သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ထမ်းရသောဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
46:3 အို ယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့၊ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။
46:4 သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။
46:5 သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။
46:6 ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။
46:7 ထိုဘုရားကို ပခုံးပေါ်မှာထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည်မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။
46:8 အို ဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက်မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။
46:9 ရှေးကာလ၌ ဖြစ်ဖူးသောအမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။
46:10 အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊
46:11 ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက်ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
46:12 စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်းတရားနှင့် ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
46:13 ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်းကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကိုလည်းကောင်း ငါထားမည်။