Isaiah 5
5:1 ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကိုအကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသောတောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော် တစ်ဆူရှိ၏။
5:2 မြေကိုတူး၍ ကျောက်ခဲတို့ကိုရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်းဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား။
5:3 ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့် ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။
5:4 ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက်၊ မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ်ကြောင့် သီးသနည်း။
5:5 ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဖော်ပြမည်။ စောင်ရန်းကိုငါပယ်ရှင်းသဖြင့်၊ သူတစ်ပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ငါဖြိုသဖြင့်၊ သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။
5:6 ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။
5:7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား၊ ယုဒလူတည်း။ တရားစီရင်ခြင်းကို မျှော်လင့်တော်မူသည်ရှိသော်၊ အသေသတ်ခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏။
5:8 မိမိတို့သည် မြေ၏အလယ်၌ တစ်စုတည်းနေရာကျ၍၊ လပ်သောအရပ်မရှိစေခြင်းငှာ၊ အိမ်တစ်ဆောင်နှင့် တစ်ဆောင်ကိုလည်းကောင်း၊ လယ်တစ်ကွက်နှင့် တစ်ကွက်ကိုလည်းကောင်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
5:9 ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီးကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူမရှိ။ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
5:10 အကြောင်းမူကား၊ စပျစ်ဥယျာဉ်တစ်ပယ်သည် စပျစ်ရည်တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာရကြလိမ့်မည်။
5:11 သေရည်သေရက်ကို သောက်အံ့သောငှာ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှာ၊ ညကိုလည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
5:12 သူတို့၏ပွဲ၌ စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည် ပါတတ်၏။ ထာဝရဘုရား၏အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။
5:13 ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက်ရှိကြ၏။
5:14 ထိုကြောင့်၊ မရဏနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပါးစပ်ကို အတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူတို့၏ ဂုဏ်အသရေ အလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။
5:15 ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏မျက်နှာလည်း ပျက်ရ၏။
5:16 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။
5:17 ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဖူး၍ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။
5:18 ဒုက္ခကို ဒုစရိုက်ဖြင့်ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။
5:19 သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။
5:20 မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကိုလည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကိုလည်းကောင်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
5:21 ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
5:22 စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကိုသောက်ခြင်းအမှု၌၊ အားကြီးသောသူတို့သည် အမင်္ဂလာရှိကြ၏။
5:23 ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။
5:24 ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တက်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြပြီ။
5:25 ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ်တော်မူသဖြင့်၊ တောင်တို့သည် တုန်လှုပ်၍၊ သူတို့၏အသေကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
5:26 ဝေးသောအရပ်မှာနေသော လူမျိုးတို့အဖို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူသဖြင့်၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည်။
5:27 သူတို့တွင် မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျဉ်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ခါးစည်း မပြေ။ ခြေနင်းကြိုးလည်းမကျွတ်။
5:28 သူတို့မြားတို့သည် ထက်ကြ၏။ လေးတို့သည်လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက်ကဲ့သို့လည်းကောင်း၊ ရထားဘီးတို့သည်လည်း၊ လေပွေကဲ့သို့လည်းကောင်း ထင်ကြ၏။
5:29 သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဖမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူမျှ မကယ်မနုတ်ရ။
5:30 ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကို ကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက် ရှိ၍၊ မိုးကောင်းကင်အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။