Isaiah 6
6:1 ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။
6:2 ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဖက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။
6:3 သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။
6:4 ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။
6:5 ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။
6:6 ထိုအခါ ကောင်းကင်တမန်သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊
6:7 ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကိုတွေ့ပြီ။ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။
6:8 တစ်ဖန် ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။
6:9 ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့။
6:10 သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
6:11 အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တစ်ပြည်လုံးသည် လူဆိတ်ညံရာသက်သက် ဖြစ်သည်တိုင်အောင်လည်းကောင်း၊
6:12 ထာဝရဘုရားသည် လူတို့ကို ဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာ များစွာသောစွန့်ပစ်ခြင်း ရှိသည်တိုင်အောင်လည်းကောင်း၊ ထိုကာလသည်ကြာလိမ့်မည်။
6:13 ထိုပြည်၌ ဆယ်ဖို့တွင်တစ်ဖို့ ကြွင်းသေးသော်လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ သို့ရာတွင်၊ ထင်းရှူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသောအနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။