Isaiah 52
52:1 အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အို ယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသောမြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား၊ နောက်တစ်ဖန် အရေဖျားလှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသောသူတို့သည် သင်၏အထဲသို့ မဝင်ရကြ။
52:2 အိုယေရုရှလင်မြို့၊ ကိုယ်၌ကပ်သော မြေမှုန့်ကိုခါလိုက်၍၊ မြင့်သောအရပ်၌ ထိုင်လော့။ အို ချုပ်ထားလျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကိုချွတ်လော့။
52:3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ဖိုးငွေကိုမရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။
52:4 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့သောငှာ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။
52:5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အကြောင်းမရှိဘဲ ယူသွား၍၊ အစိုးရသောသူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည်ဖြစ်၍၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။
52:6 သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကိုသိကြလိမ့်မည်။ ကတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
52:7 ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။
52:8 သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြလော့။ သူတို့သည် အသံကိုလွှင့်၍၊ ရွှင်လန်းသောအသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။
52:9 ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီတညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနုတ်တော်မူပြီ။
52:10 ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုးတို့ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။
52:11 ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏အဆောက်အဦတို့ကို ဆောင်ရွက်သောသူတို့၊ သန့်ရှင်းခြင်း ရှိကြလော့။
52:12 သင်တို့သည် အလျင်အမြန် မထွက်ရကြ။ ပြေး၍ မသွားရကြ။ ထာဝရဘုရားသည် သင်တို့ရှေ့၌ ကြွတော်မူမည်။ နောက်၌လည်း ဣသရေလအမျိုး၏ ဘုရားသခင်သည် သင်တို့အကွယ်အကာ ဖြစ်တော်မူမည်။
52:13 ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ် ဖြစ်လိမ့်မည်။
52:14 သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်း ရှိသည်ကို၊ အများသောသူတို့သည် အံ့ဩမိန်းမောကြသည်ဖြစ်၍၊
52:15 ထိုအတူ သူသည် အများသောလူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကိုပိတ်၍ နေရကြလိမ့်မည်။ သူတစ်ပါး မပြဖူးသောအရာကို သူတို့သည် မြင်ကြလိမ့်မည်။ မကြားဖူးသောအရာကိုလည်း နားလည်ကြလိမ့်မည်။