Isaiah 51
51:1 ဖြောင့်မတ်ခြင်းတရားသို့ လိုက်၍ ထာဝရဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ကို ခုတ်ယူရာကျောက်နှင့်၊ တူးယူရာတွင်းဝကို ကြည့်ရှုကြလော့။
51:2 သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကိုဖွားသောသူ စာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တစ်ယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်းချီးပေးသဖြင့် များပြားစေ၏။
51:3 ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ ဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်။
51:4 ငါ၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ ငါ့ထံမှတရားထွက်၍ ငါစီရင်ချက်သည် လူများလင်းစရာဖို့ တည်ရလိမ့်မည်။
51:5 ငါ၏ ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုမျှော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။
51:6 မိုးကောင်းကင်ကို မျှော်၍ ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။
51:7 ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။
51:8 အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရဖြစ်၍၊ ငါ၏ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာအဆက်ဆက် တည်လိမ့်သတည်း။
51:9 အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဖူးသောကာလ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။
51:10 ပင်လယ်ရေ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနုတ်သောသူများ သွားစရာလမ်း ဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။
51:11 သို့ဖြစ်၍၊ ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက်ခြင်း သရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။
51:12 သင်တို့ကို နှစ်သိမ့်စေသောသူကား၊ အခြားသူမဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသောလူကိုလည်းကောင်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတ္တံ့သော လူသားကိုလည်းကောင်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
51:13 မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။
51:14 အချုပ်ခံရသောသူသည် ထောင်ထဲမှာမသေ၊ ရေစာမပြတ်၊ လျင်မြန်စွာကယ်နုတ်ခြင်းသို့ ရောက်လိမ့်မည်။
51:15 ငါသည်သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ ထိုဘုရား၏ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
51:16 မိုးကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှာလည်းကောင်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှာလည်းကောင်း၊ ငါ့စကားကိုသင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကိုငါမိုးပြီ။
51:17 ထာဝရဘုရား၏လက်တော်၌ အမျက်တော်ဖလားကို သောက်သော ယေရုရှလင်မြို့၊ နိုးလော့။ နိုး၍ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန်သောက်ခဲ့ပြီ။ အနည်အဖတ်ကိုလည်း ညှစ်ခဲ့ပြီ။
51:18 ကိုယ်တိုင်ဖွားမြင်သော သားတို့တွင်၊ သင့်ကို လမ်းပြသောသူ တစ်ယောက်မျှမရှိ။ ကိုယ်တိုင်မွေးစားသော သားတို့တွင်၊ သင့်ကို လက်ဆွဲသောသူ တစ်ယောက်မျှမရှိ။
51:19 အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓားဖြင့်ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။
51:20 သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ဖမ်းမိသောစိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏။
51:21 သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ်ရည်မှတစ်ပါး အခြားသောယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။
51:22 သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူသော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှငါရုပ်၍၊ သင်သည် နောက်တစ်ဖန် မသောက်ရ။
51:23 သင်သည် ခရီးသွားသောသူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍၊ အလျားဝပ်စေခြင်းငှာ ဝပ်လျက်နေတော့။ ငါကျော်သွားမည်ဟု ဆို၍၊ သင့်ကိုညှဉ်းဆဲသော သူတို့လက်၌ ထိုဖလားကိုငါထားမည်။