Isaiah 54
54:1 သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသောမိန်းမထက် သာ၍များသောသားတို့ကို ဖွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
54:2 သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။
54:3 အကြောင်းမူကား၊ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တစ်ပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံသောမြို့တို့၌ နေကြလိမ့်မည်။
54:4 မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာ မပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုဆိုးမဖြစ်၍ ခံရသောကဲ့ရဲ့ခြင်းကို နောက်တစ်ဖန် မအောက်မေ့ရ။
54:5 အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း။ သင့်ကိုရွေးနုတ်သောသူသည် ဣသရေလအမျိုး၌ သန့်ရှင်းသောဘုရား ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံးကို အစိုးရသောဘုရားဟူ၍ ခေါ်ရကြ၏။
54:6 စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သောမိန်းမကို တစ်ဖန်ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့်တော်မူ၏။
54:7 သင့်ကို ခဏသာငါစွန့်သည်ဖြစ်၍၊ များစွာသော ကရုဏာနှင့် တစ်ဖန်သိမ်းဆည်းဦးမည်။
54:8 ပြင်းစွာသောအမျက်ထွက်၍ ခဏမျှ ငါမျက်နှာလွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်ဟု သင့်ကို ရွေးနုတ်သော ထာဝရဘုရားမိန့်တော်မူ၏။
54:9 နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တစ်ဖန် မလွှမ်းမိုးရဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။
54:10 တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
54:11 အို ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်းတိုက်ခြင်းကိုခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏တိုက်ကို ဟင်္သာပဒါးသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်လည်းကောင်း၊
54:12 ပြအိုးတို့ကို ကျောက်နီဖြင့်လည်းကောင်း၊ တံခါးတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်လည်းကောင်း ငါပြီးစေမည်။
54:13 သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်၍၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။
54:14 သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက်ရ။
54:15 ငါ၏အခွင့်မရှိဘဲ သင့်တစ်ဖက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဖူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။
54:16 မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသော လက်နက်ကိုလုပ်တတ်သော ပန်းပဲကိုလည်းကောင်း၊ ဖျက်ဆီးစေခြင်းငှာ ဖျက်ဆီးသောသူကိုလည်းကောင်း ငါဖန်ဆင်း၏။
54:17 သင့်တစ်ဖက်၌ လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကို တရားတွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကိုခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။