Isaiah 55
55:1 အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကိုမပေးဘဲလာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်ကြလော့။
55:2 အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
55:3 နူးညွတ်သောနားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။
55:4 ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာ ဖြစ်စေခြင်းငှာလည်းကောင်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှာလည်းကောင်း၊ လူမျိုးတို့အား ငါပေးပြီ။
55:5 ကြည့်ရှုလော့။ သင်သည် မသိဖူးသောလူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဖူးသော လူမျိုးတို့သည်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။
55:6 တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာ ပြုကြလော့။
55:7 ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍၊ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။
55:8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။
55:9 မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။
55:10 မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်းပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊
55:11 ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။
55:12 သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီးကြလိမ့်မည်။
55:13 အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖို့ရာ၊ မပျောက်မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။