Isaiah 58
58:1 အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဖော်ပြလော့။
58:2 သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရားသခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်းငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာအစဉ်မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။
58:3 အကျွန်ုပ်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင်တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်းဟု ဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာလုပ်စေကြ၏။
58:4 သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မလက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သောအရပ်၌ မိမိတို့အသံကို ကြားစေခြင်းငှာ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။
58:5 ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တစ်ရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဖို့ လျှော်တေနှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်းဟူ၍လည်းကောင်း၊ ထာဝရဘုရား နှစ်သက်တော်မူသောနေ့ရက် ဟူ၍လည်းကောင်း မှည့်အပ်သလော။
58:6 ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။
58:7 မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
58:8 သို့ပြုလျှင် သင်၏အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာခြင်းသို့ရောက်လိမ့်မည်။ သင်၏ ဖြောင့်မတ်ခြင်းပါရမီသည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။
58:9 သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းပိုးကိုလည်းကောင်း၊ လက်ညှိုးထိုးခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့သောစကားကိုလည်းကောင်း ပယ်ရှား၍၊
58:10 မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
58:11 ထာဝရဘုရားသည် သင့်ကိုအစဉ် ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသောဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
58:12 သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ တည်ဖူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကို ခံရလိမ့်မည်။
58:13 သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊
58:14 သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော် ရှိ၏။