Library · my

Isaiah 62

62:1 ဇိ​အုန်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့၏ ဖြောင့်​မတ်​ခြင်း​သည် ရောင်​ခြည်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏ ကယ်​တင်​ခြင်း​သည် ထွန်း​တောက်​သော ဆီ​မီး​ခွက်​ကဲ့​သို့​လည်း​ကောင်း မ​ထင်​ရှား​မီ​တိုင်​အောင် ထို​မြို့​အ​တွက် ငါ​သည် တိတ်​ဆိတ်​ငြိမ်​သက်​စွာ မ​နေ​ရ။ 62:2 တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် သင်၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​နာ​မ​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်​မည်။ 62:3 သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ တင့်​တယ်​သော ဦး​ရစ်၊ သင်၏ ဘု​ရား​သ​ခင်​ကိုင်​တော်​မူ​သော မင်း​မြောက်​သ​ရ​ဖူ ဖြစ်​လိမ့်​မည်။ 62:4 သင့်​ကို၊ စွန့်​ပစ်​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်၏​မြေ​ကို၊ လူ​ဆိတ်​ညံ​သော​မြေ​ဟူ၍​လည်း​ကောင်း နောက်​တစ်​ဖန် မ​ခေါ်​ရ။ သင်​သည် ငါ​နှစ်​သက်​သော​သူ၊ သင်၏​မြေ​သည် လက်​ထပ်​သော​မြေ​ဟူ​သော​အ​မည်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှစ်​သက်​တော်​မူ၏။ သင်၏​မြေ​ကို​လည်း လက်​ထပ်​ရ​လိမ့်​မည်။ 62:5 လူ​ပျို​သည် အ​ပျို​က​ညာ​နှင့် လက်​ထပ်​သ​ကဲ့​သို့၊ သင်၏​သား​တို့​သည် သင်​နှင့် လက်​ထပ်​ကြ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး၌ ဝမ်း​မြောက်​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၌​ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ 62:6 အို ယေ​ရု​ရှ​လင်​မြို့၊ နေ့​ည​မ​ပြတ် တိတ်​ဆိတ်​စွာ​မ​နေ​ရ​သော လူ​စောင့်​တို့​ကို သင်၏​မြို့​ရိုး​ပေါ်​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​စေ​သော​သူ​တို့၊ တိတ်​ဆိတ်​စွာ မ​နေ​ကြ​နှင့်။ 62:7 ယေ​ရု​ရှ​လင်​မြို့​ကို အ​မြဲ​တည်​တော်​မ​မူ၊ မြေ​ကြီး​ပေါ်​မှာ ချီး​မွမ်း​စ​ရာ​အ​ကြောင်း ဖြစ်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ ဘု​ရား​သ​ခင်​ကို မ​ငြိမ်​စေ​ကြ​နှင့်။ 62:8 ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​စ​ပါး​နှင့် နောက်​တစ်​ဖန် ငါ​မ​ကျွေး။ သင်​သည် ကြိုး​စား၍​လုပ်​သော စ​ပျစ်​ရည်​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​သောက်​ရ​ကြ။ 62:9 စ​ပါး​ကို​ရိတ်​သော​သူ​တို့​သည် ကိုယ်​တိုင်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ကို သိမ်း​သော​သူ​တို့​သည် ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​တံ​တိုင်း​အ​တွင်း၌ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်​ဟု တန်​ခိုး​ကြီး​သော လက်​ယာ​လက်​ရုံး​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​ပြီ။ 62:10 မြို့​တံ​ခါး​မှ ထွက်​ကြ။ ထွက်​ကြ။ လူ​များ​ဖို့​လမ်း​ကို ပြင်​ကြ။ မြေ​ဖို့​ကြ။ ဖို့​ကြ။ ကျောက်​များ​ကို ပယ်​ရှင်း​ကြ။ လူ​များ​ဖို့ အ​လံ​ကို​ထူ​ကြ။ 62:11 မြေ​ကြီး​စွန်း​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​သော​သူ​သည် လာ၏။ မိ​မိ​ခံ​ထိုက်​သော​အ​ခ​သည် မိ​မိ၌​ပါ​လျက်၊ ဆု​လာဘ်​တော်​သည် ရှေ့​တော်၌​ရှိ၏​ဟု ဇိ​အုန်​သ​တို့​သ​မီး​ကို ပြော​ကြ​လော့။ 62:12 သူ​တို့​သည် သန့်​ရှင်း​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား ရွေး​နုတ်​တော်​မူ​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်​သည် သူ​တစ်​ပါး မ​စွန့်​ပစ်၊ စည်​ပင်​သော​မြို့​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။